စီးပွားရေးအတွက်လည်း စဉ်းစားထားပါသေးတယ်။
Sabal Thwin

တိုင်ရွန်ဟာ သူ့ရဲ့ မောင်နှမတွေနဲ့တိုင်ပင်ပြီး မိဘနှစ်ပါးကို ပဲခူးမြို့မှာ မြေကွက်ဝယ်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ကိုယ့်အတွက်ဆိုတာထက် မိဘတွေအတွက်ပဲ စဉ်းစားနေတယ်လို့ သူကပြောပါတယ်။ 

Photo: Tyron Bejay



တိုင်ရွန်ကတော့ မိဘနှစ်ပါးအတွက်အမြဲတမ်း အမှတ်တရလေးတွေ ဖန်တီးပေးတတ်သူ တစ်ယောက်ပါ။ အခုဆိုရင်တော့ သူ့ရဲ့ မိဘတွေကို တိုက်ခန်းတစ်ခန်းဝယ်ပေးပြီးပြီလို့ သိရပါတယ်။ မကြာခင်မှာတော့ ဖြည့်ဆည်းပေးချင်တဲ့အရာလေးတစ်ခုရှိတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။  

“ အခုချိန်မှာတော့ ကျွန်တော့် မိသားစုအတွက်ရော၊ စီးပွားရေးအတွက်ရော စဉ်းစားထားတဲ့ အရာတွေရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်အတွက်ကတော့ သေချာ မစဉ်းစားရသေးပါဘူး။ ကျွန်တော့် မိဘတွေအတွက် ဒီနှစ်တော့ ပဲခူးမှာ ခြံလေး ဝယ်ပေးမယ်။ အဲဒါက အဓိက Target ပေါ့။ ပြီးရင် ကား ကောင်းကောင်းလေးတစ်စီး ဝယ်ပေးချင်တယ်" လို့ ဆိုပါတယ်။ 

Photo: Tyron Bejay

ပဲခူးမြို့ဟာ တိုင်ရွန်ရဲ့ မိဘနှစ်ပါးရဲ့ မွေးရပ်ဇာတိဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း မိဘနှစ်ပါးရဲ့ ဆန္ဒ နဲ့ ပဲခူးမှာ ခြံဝယ်ပေးနိုင်ဖို့ မောင်နှမတွေ ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။ 

“ ခြံကို ပဲခူးမှာ ဝယ်ပေးချင်တာက မိဘတွေရဲ့ ဆန္ဒကြောင့်လည်းပါတယ်။ သူတို့လည်း မွေးရပ်ဇာတိမြေမှာ ခေါင်းချချင်ကြမှာပဲလေ။ အဲဒါကြောင့် ကျွန်တော်တို့ မောင်နှမသုံးယောက် စီစဉ်ထားတာပါ။ မိဘနှစ်ပါးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းခွင့်ရလို့လည်း ပျော်ပါတယ်။ နောက်ထပ်လည်း ဒီလို ဖြည့်ဆည်းပေးခွင့်ရဖို့ ကိုယ့်ကိုယ်ကိုယ်လည်း အားတင်းထားတယ်၊ ဆုလည်း ဆုတောင်းပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Tyron Bejay

တိုင်ရွန်ရဲ့ သိတတ်မှုတွေကို မိခင်ဖြစ်သူကတော့ ချီးကျူးပြောဆိုလေ့ရှိတယ်လို့ ဆိုပါတယ်။ ဖခင်ကတော့ သားလေးရဲ့ လိမ္မာရေးခြားရှိမှုတွေကို ရင်ထဲမှာပဲ ထားတယ်လို့ သူကဆိုပါတယ်။ 

“ ကိုယ့်ကိုတော့ အဖေက ထုတ်မပြောပေမယ့် အမေကတော့ ထုတ်ပြောပါတယ်။ ငါ့သားလေး လိမ္မာတယ်ပေါ့နော်။ မြန်မာဇာတ်ကားတွေထဲကလို ငါ့သားလေးကို အရမ်းချစ်တာပဲ၊ ငါ့ သားလေး ဘာစားချင်သလဲ ဆိုတာမျိုးတွေတော့ မပြောဘူးလေနော်။ ကျွန်တော်ကတော့ မိဘနှစ်ပါးကို အရမ်းချစ်တယ်၊ ဂရုစိုက်နေထိုင်ပါလို့တော့ ပြောချင်ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းက “Only Me” ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Tyron Bejay

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က