ကိုယ်လည်းဒီတိုင်း ထိုင်ကြည့်နေရတာ။
Ei Ei Myat

လူရွှင်တော်၊ သရုပ်ဆောင် ဧရာက ကိုယ်တိုင်လည်း ကျန်းမာရေးကို ဂရုစိုက်နေရသလို အနုပညာလောကထဲက အသိမိတ်ဆွေတချို့ နေမကောင်းတဲ့သတင်းတွေကြားပြီး စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

Photo : ဧရာ

ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောစရာတွေ ဖန်တီးပေးတတ်တဲ့ လူရွှင်တော် သရုပ်ဆောင် ဧရာဟာ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်အောင် ဂရုတစိုက်နေထိုင်နေရသူလည်းဖြစ်ပါတယ်။ခါးဆစ်ရိုးခွဲစိတ်မှုလုပ်ပြီး နောက်ပိုင်းမှာလည်း အနုပညာတွေနဲ့အလှမ်းဝေးခဲ့ရသလို အိမ်မှာဘဲ နေခဲ့ရတာကြောင့် စိတ်ဓာတ်ကျ အားငယ်ခဲ့ရတာတွေလည်း ရှိတယ်လို့သူက ဆိုပါတယ်။ သူကိုယ်တိုင် ကျန်းမာရေးကို ဂရုစိုက်နေရသလို အနုပညာအသိုင်းအဝိုင်းက အသိမိတ်ဆွေတွေရဲ့ ကျန်းမာရေး သတင်းတွေ ကြားပြီးလည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဧရာက ပြောပါတယ်။

“အနုပညာလောကထဲက အသိမိတ်ဆွေတွေ ကျန်းမာရေး မကောင်းတာကြားရတဲ့အခါ စိတ်မကောင်းဘူးပေ့ါ စိတ်မကောင်းတာက လွဲပြီး ကိုယ်လည်း ဘာမှ မတတ်နိုင်ဘူး ကိုယ်ကောင်းခဲ့တုန်းက ၃၅လမ်းမှာလူရွှင်တော် အလုပ်ရုံဆိုပြီးတော့ အလုပ်ခန်းဖွင့်ပြီး ကူညီခဲ့တာလေ။ တတ်နိုင်သမျှလုပ်ခဲ့တာ အခုတော့ ကိုယ်ကိုယ်တိုင်က မကောင်းတော့ ဒီတိုင်းပဲ ကြည့်နေရတာပေ့ါစိတ်မကောင်းရုံက လွဲပြီး ဘာမှ မတတ်နိုင်ဘူး” လို့ သူက ဆိုပါတယ်။

Photo : ဧရာ

သူကိုယ်တိုင်ကလည်း နေမကောင်းဖြစ်နေခဲ့တဲ့အချိန်မှာ စိတ်ဓာတ်ကျ အားငယ်ခဲ့ရတာကြောင့် လက်ရှိ ကျန်းမာရေး မကောင်းတဲ့ မိတ်ဆွေတွေကို စိတ်ဓာတ်မကျဖို့နဲ့ တောင့်ထားကျဖို့ ‌ပြောခဲ့ပါသေးတယ်။

“ခံစားနေတဲ့ သူတွေကိုလည်း တောင့်ထားကြပါလို့ ဒါက တစ်ချိန်မဟုတ်တစ်ချိန်ဖြစ်မှာပဲ အနုပညာသမားမှ မဟုတ်ပါဘူး လူတိုင်လူတိုင်း သံသရာမှာ သက်တမ်းစိလာရင် ဖြစ်လာမှာ ဒီအပေါ်မှာ စိတ်ဓာတ်ကျစရာ၊ဂယောင်ခြောက်ခြားဖြစ်စရာမလို ပါဘူး ။ ကိုယ်ကိုယ်တိုင်ဖြစ်ခဲ့ဖူးလို့ပြောတာပါ” ဆိုပြီး အားပေးစကား ပြောခဲ့ပါသေးတယ်။

Photo : ဧရာ

လူရွှင်တော် ဧရာ ဟာ ခါးနာရောဂါကြောင့် ၂၀၁၉ ခုနှစ်က အရိုးဆေးရုံကြီး (ကြည့်မြင်တိုင်)မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ဒီဝေဒနာကို ခံစားနေရတာ အခုဆိုရင် ၂ နှစ်ကျော်လာပြီလို့လည်း Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူ့ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့တာ တော်တော်ကို ကြာခဲ့ပြီလို့လည်း သူက ဆိုပါတယ်။ အနုပညာနဲ့ ပတ်သက်လာရင် ဝါသနာ ပါလွန်းတာကြောင့် သရုပ်ဆောင်အလုပ်ကို ပြန်လုပ်နိုင်ဖို့ ကျန်းမာရေးကောင်းအောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ကိုဗစ်ကာလကြီးပြီးသွားရင်တော့ အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ ရှိတယ်သိရပါတယ်။


Author


က္က