ဒီနေ့(မေလ ၂၉ ရက်) ရုံးချိန်း အခြေအနေကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
Sabal Thwin

သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အမှုတွဲပြင်ဆင်ချက်ကို အရှေ့ပိုင်းခရိုင် တရားရုံးက ပလပ်လိုက်တယ်လို့ သိရပါတယ်။ 

သရုပ်ဆောင် မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ကာမလိမ်လည်မှုနဲ့ ရန်ကင်းတရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီနေ့(မေလ ၂၉ ရက်) မှာတော့ အမှုတွဲပြင်ဆင်ချက်ကို အရှေ့ပိုင်းခရိုင် တရားရုံးက ပယ်ချလိုက်တယ်လို့ မခင်မြတ်နိုးက Duwun ကို ဖြေဆိုခဲ့ပါတယ်။ 

“ ဒီနေ့က သူတို့ရဲ့ ပြန်လည်ပြင်ဆင်ချက်ကို အမိန့်ချပါတယ်။ သူတို့ကို ပလပ် လိုက်ပါတယ်။ အမိန့်ချတဲ့ အပေါ်မှာလည်း ကျေနပ်မှုရှိပါတယ်။ တရားရုံးကလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးသွားတာပါ။ လောလောဆယ်တော့ (၉) ရက်နေ့ကျရင် ရန်ကင်းတရားရုံးမှာ ရုံးချိန်းရှိပါတယ်။ ဒီက အမှုတွဲ ဟိုဘက်ရောက်ပြီဆိုရင်တော့ သူတို့ဘက်ကိုပဲစစ်မှာပေါ့နော်” လို့ သူကဆိုပါတယ်။ 

မိုးအောင်ရင်ရဲ့ အမှုတွဲပြင်ဆင်ချက်ကို အရှေ့ပိုင်းခရိုင် တရားရုံးက ပလပ် လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ အဆိုပါ အမှုတွဲပြင်ဆင်မှုကို တရားရုံးက လက်မခံတာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ အခုလို ပလပ် လိုက်ခြင်းအားဖြင့် ရန်ကင်းတရားရုံးရဲ့ အမှုစွဲချက်ကသာ အတည်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကို လက်မခံနိုင်ပါက ရန်ကုန်တိုင်း တရားလွှတ်တော်ကို အမှုတွဲပြင်ဆင်မှုအတွက် ဆက်လက် တင်သွင်းနိုင်တဲ့ အခွင့်အရေးရှိတယ်လို့လည်း သိရပါတယ်။  

သရုပ်ဆောင် မိုးအောင်ရင်ရဲ့ အမှုတွဲကို အရှေ့ပိုင်းခရိုင်ရုံးမှာ ပြင်ဆင်ချက် လျှောက်ထားခဲ့တယ်ဆိုတာကို မေလ(၂၅) ရက်နေ့ ရုံးချိန်းမှာ မခင်မြတ်နိုးက မီဒီယာတွေကို ပြောခဲ့တာဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ အမှုရင်ဆိုင်နေရတဲ့ ရုံးချိန်းတွေမှာ မရောက်လာတဲ့ နေ့တွေရှိပါတယ်။ ရုံးချိန်းပျက်ကွက်မှုတွေ များနေတဲ့ မိုးအောင်ရင် မခင်မြတ်နိုးရဲ့ သဘောထားကိုလည်း အခုလို ပြောပြလာပါတယ်။ 

“ ဒါက ကိုယ်မမြင်ရတဲ့ ကိစ္စဆိုတော့လည်း သိပ်တော့ မတွေးပါဘူး။ သူ့အပိုင်းဖြစ်တဲ့ အတွက် သူ့မှာလည်း သူ့ကိစ္စနဲ့ သူတော့ ရှိမှာပါ” ဆိုပြီးတော့ မေလ (၂၉) ရက်နေ့က အရှေ့ပိုင်းခရိုင် တရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီဇင်ဘာ၁၃ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ သိန်း(၁၀၀)နဲ့ အာမခံရခဲ့တာဖြစ်ပါတယ်။

သူဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခု မှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က