အိမ်မှာအတူတူနေတုန်းကလည်း နှိပ်စက်ခံခဲ့ရပါတယ်။
Sabal Thwin

သရုပ်ဆောင်မိုးအောင်ရင်ရဲ့ နှိပ်စက်မှုတွေခံခဲ့ရတဲ့အကြောင်းကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ဇန်နဝါရီလ ၃၁ ရက်နေ့ ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။ မိဘတွေရဲ့ သဘောတူညီမှုကြောင့် အတူတူနေခဲ့ဖူးတယ်လို့ သူက ပြောပါတယ်။ 

သရုပ်ဆောင် မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားရာမှာ ဒီနေ့(ဇန်နဝါရီလ ၃၁ရက်)မှာတော့ ရန်ကင်းတရားရုံးက ရုံးချိန်းပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ မခင်မြတ်နိုးကိုသက်သေများနဲ့တကွ စတင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ အမှုအခြေအနေနဲ့ ပတ်သက်ပြီး Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။  



“ဒီနေ့ကတော့ ညီမကို စစ်တာပေါ့နော်။ သက်သေတချို့ အနေနဲ့ အသံဖိုင်တွေရယ်၊ ဓာတ်ပုံတွေရယ် တင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း သူတို့မှာ သက်သေရှိရင် တင်မှာပါ။ သူတို့ မိဘတွေ သဘောတူလို့ သူ့မိဘတွေနဲ့ အတူတူ သူတို့အိမ်မှာ သွားနေတယ်။ ဘယ်အချိန်ကတည်းက တွဲတယ်၊ သူတို့အိမ်က ကိုယ့်ကို ဘယ်လို နှင်ချခဲ့တယ်ဆိုတဲ့ သက်သေမျိုးတွေ ထွက်ဆိုခဲ့ပါတယ်” လို့ သူကပြောပါတယ်။ 

တရားခွင်မှာ မခင်မြတ်နိုးက သရုပ်ဆောင်မိုးအောင်ရင်နဲ့ ချစ်သူတွေဖြစ်ခဲ့ချိန်မှာ တစ်အိမ်တည်း အတူတူနေခဲ့ကြတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ တစ်ခါတလေ အဆင်မပြေကြတဲ့အချိန်မှာ မိုးအောင်ရင်ရဲ့ ရိုက်နှက်မှုတွေလည်း ခံခဲ့ရတယ်လို့ သိရပါတယ်။ 

“ ဒီလိုဖြစ်ခဲ့တာကတော့ သူ မူးယစ်အမှုနဲ့ ထောင်မကျခင်ကတည်းက ဖြစ်ခဲ့တာပါ။ အဲဒီအရာတွေကို ထုတ်မပြောတာကလည်း သူ့ဘက်ကိုလည်း ကြည့်ရသေးတယ်လေ။ သူမင်းသားတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာထိခိုက်မှာစိုးလို့ ကိုယ်ထုတ်မပြောခဲ့တာတွေ အများကြီးရှိတယ်။ ညီမ အမှန်အတိုင်း ပြောတယ်ဆိုတာကို သူနဲ့အရင်တွဲခဲ့ဖူးတဲ့ ကောင်မလေးတွေလည်း သိရင် သိမှာပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ က ရုံးချိန်းမှာ ဖြေဆိုခဲ့တာပါ။ 

အဲဒီနောက် မခင်မြတ်နိုးအနေနဲ့ သရုပ်ဆောင် မိုးအောင်ရင်နဲ့ ရတဲ့ ကိုယ်ဝန်လည်း လွယ်ခဲ့ဖူးတယ်လို့ အင်တာဗျူးတွေမှာ ပြောပြခဲ့ပြန်ပါသေးတယ်။ ဒါပေမယ့် ကလေးကတော့ အဖက်မတင်ခဲ့ဘူးလို့ သိရပါတယ်။

“ အဲဒီတုန်းက အန်ထရာဆောင်းရိုက်ကြည့်တော့ ကလေးက နှလုံးမခုန်တော့ဘူးဆိုပြီးတော့ ဆာကူရာ ဆေးရုံမှာ သေသေချာချာလေး လုပ်ခဲ့တယ်။ ကလေးဖျက်ချတာမျိုးတော့ မဟုတ်ဘူး။ ဆုံးရှုံးနစ်နာခဲ့တာတွေကတော့ အများကြီးပါ။ ပြောနေလည်း တချို့တွေက ယုံမှာ မဟုတ်ဘူးလေ။ ကိုယ်ဖြစ်ခဲ့တာ ကိုယ်အသိဆုံးပါပဲ” ဆိုပြီးတော့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ 

နောက်ထပ် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်တယ်လို့ ဆိုပါတယ်။ 

မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီဇင်ဘာ၁၃ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ သိန်း(၁၀၀)နဲ့ အာမခံရခဲ့တာဖြစ်ပါတယ်။

မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က