''ရှေ့သွားနောက်လိုက်''ရုပ်ရှင်ကားကြီးအကြောင်းပြောလာတာပါ။
Sabal Thwin

ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) ဟာ မိုးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ရုပ်ရှင်ကားကြီးက လူငယ်တွေကြားမှာ ထင်သလောက် မအောင်မြင်ခဲ့တာကြောင့် မိုးဟေကို နဲ့တောင် မျက်နှာချင်းမဆိုင်ရဲလောက်အောင် အားနာမိတယ်လို့ ဆိုပါတယ်။

Photo: Streel

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ကတော့ မကြာခင်က ရုံတင်ပြသခဲ့ပြီးတဲ့ ‘’ရှေ့သွားနောက်လိုက်’’ ရုပ်ရှင်ကားကြီးကြောင့် မိုးဟေကို ကိုမျက်နှာချင်းတောင်မဆိုင်ရဲလောက်အောင်ပဲလို့ဆိုပါတယ်။ စိတ်မကောင်းလည်းဖြစ်ရတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ လူငယ်တွေက ရုပ်ရှင်ရုံကို လာကိုမလာဘူး။ တော်တော်အံ့သြစရာကောင်းတယ်။ မိုးဟေကိုနဲ့ မျက်နှာချင်းတောင်မဆိုင်ရဲဘူး။ သူကလည်း စိတ်မကောင်းဖြစ်တာပေါ့နော်။ ပိုက်ဆံကိုမဟုတ်ပဲ လူငယ်တွေအတွက် အရမ်းမျှော်လင့်ထားရှာတာ။ ဒါပေမယ့် ဘယ်လိုပဲပြောပြော အလုပ်တစ်ခု လုပ်လိုက်တဲ့အချိန်မှာ အရှုံးနဲ့ ရင်ဆိုင်ရတာကြောင့် စိတ်တော့ မကောင်းဘူးဖြစ်သွားတာပေါ့။ ’’ လို့ သူကဆိုပါတယ်။

Photo: Moe Hay Ko

ဒီဇာတ်ကားရုံတင်ပြီးတဲ့နောက်မှာလည်း နောင်တရသွားခဲ့တယ်လို့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ပြောပါတယ်။

‘’ လူငယ်ပရိသတ်တွေက ဒရာမာကို မကြိုက်ကြဘူး။ မငိုချင်ကြဘူးလို့တော့ ကျွန်တော်ထင်တယ်။ သူတို့က ပျော်မယ်၊ ပါးမယ်။ အဓိက က ရုပ်ရှင်ကြည့်တာ လူငယ်တွေပဲကြည့်တာလေ လူငယ်တွေကို အားကိုးပြီး သွားရမှာဆိုတော့ ကိုယ်က နောင်တရလိုက်တာက နောက်ကို ဒရာမာမရိုက်နဲ့တော့ ဆိုတဲ့ နောင်တ တော့ ရသွားတာပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့က အမျှ.. အမျှ.. ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Streel

‘’ရှေ့သွားနောက်လိုက်’’ရုပ်ရှင်ဇာတ်ကားကြီးဟာ သားသမီးနဲ့ မိဘတွေကြားက မေတ္တာတရားတွေ၊ သံယောဇဉ်တွေကို ဖော်ကျူးထားတဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကနေ ပေးချင်တဲ့ သင်ခန်းစာက လူငယ်တွေအတွက် အဓိက ကျတယ်လို့ ဆိုပါတယ်။

‘’ အဲဒါကတော့ ပရိသတ်တွေရဲ့ Feedback က တအားကောင်းတယ်။ ဒါပေမယ့် အဲဒီအရာတွေက လူကြီးပိုင်းတွေပဲဖြစ်နေတယ်။ လူငယ်တွေဆီက Feedback မလာဘူး။ သူတို့ စိတ်မဝင်စားတဲ့ သဘောရှိတယ်။ ကျွန်တော်ကလည်း အဲဒါကို စိုးရိမ်တာပါ။ မိဘနဲ့ သားသမီးကြားမှာ ချစ်ခြင်းမေတ္တာတရားကတော့ ရှိတာပေါ့။ ကျွန်တော်ပေးချင်တဲ့ သဘောတရားက သားသမီးတွေ အိမ်ထောင်ကျပြီးရင် မိဘတွေနဲ့ တဖြည်းဖြည်းဝေးသွားမှာလေ။ ဒါလေးကို သင်ခန်းစာပေးချင်တဲ့ သဘောပါ’’ လို့ ဆိုပါတယ်။

Photo: Streel

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ဟာ ‘’ခိုးဆိုးလုနှိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်လာတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ အဲဒီနောက်မှာပေါ့ သဘာဝဆန်ဆန် အက်ရှင်ဇာတ်ကား၊ မိသားစုဘဝအကြောင်း ပညာပေးဇာတ်ကားတွေ အကြောင်း ရိုက်ကူးခဲ့ပါတယ်။ အနုပညာလောကထဲကိုတော့ သရုပ်ဆောင် အကယ်ဒမီ ဒွေး ရဲ့ မန်နေဂျာ တစ်ယောက်အဖြစ် စတင်ခဲ့ခြင်းဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုထားဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က