သူနဲ့ ကောလာဟလ သတင်းတွေထွက်လည်း မရှင်းပါဘူး။

ချာလီကတော့ ခင်စန်းဝင်း နဲ့ ကောလာဟလသတင်းတွေ ထွက်ခဲ့ပေမယ့် ပြန်ဖြေရှင်းခဲ့တာမရှိဘူးလို့ ဆိုပါတယ်။ သူ့အတွက်တော့ ခင်စန်းဝင်းဟာ ဆရာတစ်ယောက်ပဲလို့ ပြောပါတယ်။

Photo: Khin San Win



သရုပ်ဆောင် ချာလီက သူနဲ့ မိတ်ကပ် ခင်စန်းဝင်းတို့ရဲ့ ရင်းနှီးမှုတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ အနုပညာအလုပ်တွေ စလုပ်တဲ့အချိန်မှာ လက်တွဲခေါ်ခဲ့တဲ့ ဆရာတစ်ယောက်ပါလို့လည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

“ မကြီးစန်း ဆိုတာကလည်း ကိုယ့်ရဲ့ အစ်မကြီးလိုဖြစ်နေတာပါ။ ကိုယ်အလုပ် စလုပ်ကတည်းက အမြဲတမ်း လက်တွဲခေါ်တယ်။ မကြီးက သူများအပေါ် သိတတ်တာကလည်း ပိုပြီးတော့တောင်လွန်သေးတယ်။ ကျွန်တော့်ကိုဆိုရင် ပွဲတွေလည်း ခေါ်ပေးတယ်။ မင်းသား၊ မင်းသမီးကြီးတွေနဲ့ တွဲပြီးတော့ Show တွေ လျှောက်ခိုင်းတယ်။ ကြော်ငြာတွေလည်းရိုက်ခိုင်းတယ်ဆိုတော့ တကယ်ကို ကျေးဇူးကြီးပါတယ်” လို့ နိုဝင်ဘာလ ၁၉ ရက်နေ့က KSW မိတ်ကပ်ပစ္စည်း မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Kyaw Ye Myint Nyein

ချာလီဟာ မကြီးစန်းနဲ့ ပတ်သက်ပြီး ကောလာဟလ သတင်းတွေလည်း ထွက်ခဲ့ဖူးတာတွေရှိတယ်လို့ ဆိုပါတယ်။ မဟုတ်မမှန် သတင်းတွေ ဖြစ်တာကြောင့် မဖြေရှင်းခဲ့တာပါလို့ သူကပြောပါတယ်။

“ အရင်တုန်းကဆို ပြောကြဆိုကြတာတွေရှိတယ်၊ မကြီးစန်းနဲ့ ညားနေတာတို့၊ မကြီးစန်း ယောကျ်ားဆိုပြီးတော့ အမျိုးစုံ ပြောကြတာပေါ့နော်။ ဒါတွေက လူတွေ အမြင်ပဲရှိတာ မကြီးဆီမှာ ကျွန်တော်တို့ထက်သာတဲ့ လူတွေ အများကြီးပါ။ အဲဒါကို ပေးစားကြတာပေါ့ ကျွန်တော်တို့ကတော့ အဲဒီအရာတွေကို ခေါင်းထဲမထည့်ဘူး။ ဒါက ကိုယ့်ရဲ့ ဆရာသမားလည်းဖြစ်တော့ ဂါရဝထားပြီးတော့ဆက်ဆံတယ်” လို့ ဆိုပါတယ်။

လက်ရှိ အနုပညာလှုပ်ရှားမှုကိုလည်း ချာလီက ဆက်လက်ပြောပြလာပါသေးတယ်။ သူဟာ ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။

“ ကျွန်တော်အခု ဇာတ်လမ်းတွဲရိုက်ဖို့ရှိတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ဖို့ရှိတယ်။ အခုလက်ရှိလည်း ကျွန်တော့်ရဲ့သီချင်းလေးဖြစ်တဲ့ “အချိန်တွေတိုင်း” Music Video လေးကလည်း 1M ကျော်သွားပြီဆိုတော့ ရင်ထဲမှာ အရမ်းပျော်နေပါတယ်။ မော်ဒယ်အလုပ်နဲ့ သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်နေတာဖြစ်သလို သီချင်းဆိုတဲ့ဝါသနာကိုလည်း တားလို့မရတဲ့အတွက် Music Video တွေကတော့ ဆက်လုပ်နေဦးမှာပါပဲ” လို့ ဆိုပါတယ်။

Photo: ACT

ချာလီရဲ့ နာမည်အရင်းကတော့ ကျော်ရဲမြင့်ငြိမ်းဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက မော်ဒယ်တစ်ယောက်အဖြစ်နဲ့ ပိုသိတာဖြစ်ပါတယ်။ အရပ်မြင့်မြင့်၊ ရုပ်ဖြောင့်ဖြောင့်နဲ့ စမတ်ကျတဲ့ မော်ဒယ်တစ်ယောက်ဖြစ်လို့ မိန်းကလေးပရိသတ်များစွာတို့ရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတအလုပ်တွေလည်း တစိုက်မတ်မတ်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က