Sabal Thwin

ဟာသလူရွှင်တော်လည်းဖြစ်၊ ဟာသသရုပ်ဆောင်လည်းဖြစ်တဲ့ မန်းဝင်းဟာ တစ်နှစ်ကျော်အကြာမျက်စိ မမြင်ရတဲ့ ကျန်းမာရေးအနေအထားကြောင့် အရမ်းကို စိတ်မချမ်းသာဖြစ်နေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကလည်း မျက်စိမြင်ချင်တာပါပဲတဲ့။

Photo: Mann Win Facebook

ဟာသလူရွှင်တော် သရုပ်ဆောင် မန်းဝင်းကတော့ ကျောက်ကပ်ဝေဒနာခံစားနေရရင်း မျက်စိလည်း မမြင်ရတော့တဲ့ ကျန်းမာရေးကို ရင်ဆိုင်နေရတာပါ။ အခုချိန်မှာတော့ သူ့အတွက် အဖြစ်ချင်ဆုံးဆန္ဒက မျက်စိမြင်ချင်ပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အဖြစ်ချင်ဆုံးဆန္ဒကတော့ မျက်စိပြန်မြင်ချင်တာပေါ့။ မျက်လုံးကလည်း သွေးကြောပေါက်တယ်ဆိုတော့ ခွဲလို့မရတော့ဘူး။ ဘာမှလည်း လုပ်လို့မရတော့ဘူး။ ရေချိုးတော့လည်း တစ်ယောက်တည်းသွားလို့မရ၊ အိမ်သာသွားတော့လည်း တစ်ယောက်တည်းသွားလို့မရ၊ ဘယ်မှသွားလို့မရ ဘာမှ မမြင်တော့လည်း တောနင်းတောင်နင်းနဲ့ပေါ့။ အိမ်မှာ ငုတ်တုတ်နဲ့ တစ်နေကုန်သွားရတော့တာပဲ’’ ဆိုပြီးတော့ သြဂုတ်လ ၁၁ ရက်နေ့ညက သက်ကြီးလူရွှင်တော်များ ကူညီထောက်ပံ့ရေး ရန်ပုံငွေ ကပြဖျော်ဖြေပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Hay Mar Mann Win

အဲဒီနောက် သူ့ရဲ့ ကျန်းမာရေးကြောင့်လည်း မိသားစုတွေ ပင်ပန်းရတယ်လို့ ဦးမန်းဝင်းက စိတ်မကောင်းစွာနဲ့ ပြောပြလာခဲ့ပြန်ပါတယ်။

‘’ ကျန်းမာရေးက တစ်နေ့ရွှေ၊ တစ်နေ့ငွေဖြစ်နေတယ်။ ကျောက်ကပ်ဆေးရတဲ့နေ့ဆိုရင် ထတောင်မထနိုင်ဘူး၊ စကားလည်းမပြောနိုင်ဘူး။ ဗိုက်ထဲမှာရော တစ်ကိုယ်လုံးကို နာကျင်နေတာပဲ။ မျက်စိမမြင်ရတာ တစ်နှစ်ကျော်ကျော်လောက်တော့ရှိပါပြီ။ မိသားစုလည်း ပင်ပန်းတာပေါ့။ အိမ်မှာ ကလေးတစ်ယောက် မွေးထားရသလိုပဲ။ အိမ်က အမျိုးသမီးရော၊ သားသမီးတွေရောက ပြုစုနေရတာပေါ့’’ လို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Hay Mar Mann Win

လူရွှင်တော်ကြီး မန်းဝင်ဟာ ကျောက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ အဆုတ်အားနည်းတဲ့အတွက် အောက်ဆီဂျင်က အမြဲအမြတ်ပေးနေရပြီး ကျောက်ကပ်လည်း နှစ်ရက်တစ်ကြိမ် ဆေးနေရကာ နေ့တိုင်းလိုလို ဆေးခန်းပြနေရတာ ဖြစ်ပါတယ်။ ကျောက်ကပ် တစ်ခါဆေးရင် ၁ သိန်းကုန်ကျစာရိတ်ရှိတယ်လို့ သူကဆိုပါတယ်။ အခုဆိုရင်တော့ အကြိမ် ၃၀၀ခန့်ရှိပြီလို့ သိရပါတယ်။

Photo: Hay Mar Mann Win

မန်းဝင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က