တောင်ဒဂုံ (၁၀၇) ရပ်ကွက်မှာ တစ်ရပ်ကွက်လုံး အလှူလုပ်မှာပါ။

ဒါရိုက်တာ ညိုမင်းလွင်ကတော့ မြမြ အတွက် တောင်ဒဂုံ (၁၀၇) ရပ်ကွက်မှာ စတုဒီသာအလှူ လုပ်သွားမယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးနေတဲ့ အချိန်မှာလည်း ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက အများကြီး ကူညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

Photo: Nyo Min Lwin



မြမြ ရုပ်ရှင်ဇာတ်ကားကြီးကို ပုံဖော်သူ ဒါရိုက်တာ ညိုမင်းလွင်ကတော့ အပြင်မှာ တကယ်အသတ်ခံခဲ့ရတဲ့ မြမြ အတွက် တောင်ဒဂုံ(၁၀၇) ရပ်ကွက်မှာ စတုဒီသာအလှူလုပ်သွားမယ်လို့ ဆိုပါတယ်။ ဒီအလှူ လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါသေးတယ်။ 

“ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တောင်ဒဂုံ (၁၀၇) ရပ်ကွက်မှာ ရပ်ကွက်လုံးကျွတ် စတုဒီသာကျွေးပါမယ်။ အဝတ်အထည်တွေ၊ အစားအသောက်တွေလည်း လှူဒါန်းသွားဖို့ အစီအစဉ်ရှိပါတယ်။ မြမြ အလှူပေါ့။ ရုံတင်မှ လှူတာမျိုးထက် ရုံမတင်ခင် လှူလိုက်တာပါ။ ဒီအလှူကို ဇနီးဖြစ်သူ စန္ဒာကိုယ်တိုင်ကလည်း လုပ်ချင်ခဲ့တာပါ။ မြမြဟာ အသတ်ခံရပြီးတော့ သေသွားခဲ့တာပါ။ ရက်လည်တို့ဆိုတာလည်း မလုပ်လိုက်ရဘူးဆိုတဲ့အတွက် မကျွတ်မလွတ်တာတွေ ရှိနိုင်တယ်လို့ ယုံကြည်တယ်။ ဒါကြောင့် သူတို့တွေအတွက် ရည်ရွယ်ပြီးတော့ အလှူအတန်း လုပ်မယ်ဆိုပြီးတော့ စန္ဒာက စိတ်ကူးလိုက်တာ။” လို့ သူကဆိုပါတယ်။ 

Photo: Nyo Min Lwin

ညိုမင်းလွင်ဟာ “မြမြ” ရုပ်ရှင်ဇာတ်ကားကို တကယ်အခင်းဖြစ်ပွားခဲ့တဲ့ နေရာမှာ၊ ရပ်ကွက်မှာပဲ ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားရိုက်ကူးနေတဲ့အချိန်မှာလည်း တောင်ဒဂုံ (၁၀၇) ရပ်ကွက်က ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက အကူအညီတွေ ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

“ဒီရပ်ကွက်ကလည်း ကျွန်တော်တို့ ဇာတ်ကား စရိုက်ကတည်းက ကူညီကြတယ်။ ကျွန်တော် လိုချင်တဲ့ ပဌာန်းတရားပွဲ မြင်ကွင်းအတိုင်းပြန်ရအောင် သူတို့ရပ်ကွက်က တော်တော်လေး ကူညီကြတယ်။ အဲဒီအချိန်တုန်းက ပဌာန်းတရားပွဲမှာရှိတဲ့သူတွေ ၉၀ ရာခိုင်နှုန်းပါတယ်။ ကျွန်တော့် မန်နေဂျာကလည်း တစ်အိမ်တက်၊ တစ်အိမ်ဆင်းပြီးတော့ ဒီလူတွေရှိသေးလား ရှိသေးတယ်ဆိုရင်လည်း အဲဒီတုန်းက အဝတ်အစား ပြန်ဝတ်ပေးဖို့ လိုက်လုပ်ခဲ့ရတာပေါ့။ အဲဒီရပ်ကွက်ကလည်း တော်တော်လေးကို ပူးပေါင်း ကူညီခဲ့ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က ရွှေကြိုလူတွေ့စစ်ဆေးတဲ့နေ့မှာ ဖြေဆိုခဲ့တာပါ။ 

Photo: Nyo Min Lwin

“မြမြ” ရုပ်ရှင်ကားကြီး ရိုက်ကူးနေချိန်မှာ ဝေဖန်မှုတွေရှိခဲ့တယ်လို့ ညိုမင်းလွင်က ပြောပါတယ်။ ဒါပေမယ့် ဇာတ်ကား ရုံတင်ပြီးတဲ့ အချိန်မှာ ဝေဖန်ခဲ့တဲ့ စကားတွေအတွက် တာဝန်ယူသင့်တယ်လို့ သူကဆိုပါတယ်။ 

“ သူမကြည့်ရသေးတာ သေချာတယ်လေ။ ဒီအတွက် ဘာမှ မပြောလိုပါဘူး။ တချို့စကားတွေကတော့ အနုပညာသမားတစ်ယောက်အနေနဲ့ ဒီလူပြောတာ လွန်တယ်လို့ ခံစားမိတယ်။ ဒါပေမယ့်လည်း သူဇာတ်ကားမကြည့်ရသေးပဲ ပြောနေတာ ဖြစ်တဲ့အတွက် ပြောပါစေလေ လို့ပဲ ထားလိုက်တယ်။ သူသွားကြည့်ပြီးသွားရင်တော့ သူပြောခဲ့တဲ့ စကားတွေအတွက် ပြန်ပြီးတော့ တာဝန်ယူသင့်တယ်” လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။ 

မြမြ ဆိုတဲ့ မိန်းကလေးဟာ ဧပြီလ ၁၃ နေ့က ယောကျ်ားလေး ၃ ဦးရဲ့ မုဒိန်းကျင့်၊ သတ်ဖြတ်ခံခဲ့ရသူ တစ်ဦးဖြစ်တယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ နာမည်ကြီးခဲ့တာပါ။ ဒီအကြောင်းကို ဒါရိုက်တာညိုမင်းလွင်က ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပုံဖော်ခဲ့တာဖြစ်ပါတယ်။ သူဟာ လက်ရှိ အောင်မြင်မှုတွေရနေတဲ့ လူငယ်ဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများကြီးရှိပါသေးတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က