သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။

Dee Dee (Burmese) ဟာ မြမြ ရုပ်ရှင်ဇာတ်ကားဟာ သူ့အတွက် အတွေ့အကြုံတွေ အများကြီးဖြစ်စေခဲ့တဲ့ ဇာတ်ကား တစ်ကားပါတဲ့။ ပရိသတ်ထင်ထားတဲ့ ဇာတ်ကားမျိုး မဟုတ်ဘူူးလို့လည်း ပြောပြခဲ့ပါသေးတယ်။ 

Photo: Mya Mya



မြမြ ရုပ်ရှင်ဇာတ်ကားထဲမှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ Dee Dee (Burmese) ကတော့ သူ့အတွက် စိတ်ကျေနပ်စရာတွေ ဖြစ်ခဲ့ရတဲ့ ဇာတ်ကား တစ်ကားပါတဲ့။ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ရုပ်ရှင်ဇာတ်ကားပုံဖော်မှုတွေမှာလည်း အတွေ့အကြုံတွေ အများကြီးရခဲ့တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ Dee Dee က ရဲလွင်ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ 

“ ဒီဇာတ်ကားရိုက်တဲ့အချိန်မှာ အတွေ့အကြုံအသစ်တွေ အများကြီးရခဲ့တယ်။ ကိုယ်တိုင်ကလည်း အခက်အခဲတွေကို အမြဲတမ်း သဘောကျတဲ့သူဆိုတော့ ဒီဇာတ်ကားရိုက်ပြီးတဲ့ အချိန်မှာ ဒီကောင် ဘာကောင်လဲ ဆိုပြီးတော့တောင် သံသယဝင်မိတယ်။ ပြီးတော့ ဒီကောင်စကားလည်း မပီဘူးပေါ့။ ဘယ်သူမဆို ကိုယ့်ပုံစံကို ဗီဒီယို ပြန်ရိုက်ကြည့်ရင် သဘောမကျတာတွေ တွေ့ရတတ်တယ်။ Dee Dee ကတော့ ကိုယ့်အသံကို ကိုယ်မကြိုက်ပါဘူး"လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Dee Dee

Dee Dee (Burmese) ဟာ သူ့ရဲ့ အပြင်ကာရိုက်တာနဲ့ တူတဲ့ ဇာတ်ရုပ်ဖြစ်လို့ မြမြဇာတ်ကားမှာ ပါဝင်ဖို့ လက်ခံလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ သူ့အတွက် ပထမဆုံးရိုက်ဖူးတဲ့ ရုပ်ရှင်ကားကြီးဖြစ်တယ်လို့လည်း ဇန်နဝါရီလ ၃၀ ရက်နေ့က မြမြ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ဒီဇာတ်ကားက Dee Dee ရဲ့ အပြင်ကာရိုက်တာနဲ့ အရမ်းကိုက်ညီတယ်။ သရုပ်ဆောင်နေတယ်လို့တောင် မထင်ရပါဘူး။ အပြင်မှာလည်း ဒီအတိုင်းပဲ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ဒီအတိုင်းပဲ။ Dee Dee က စကားမပီတဲ့အတွက် စကားပြောရတာ နည်းနည်းတော့ ခက်တယ်။ ကိုယ်ပထမဆုံးရိုက်တဲ့ ဇာတ်ကားဖြစ်လို့ အရမ်း ခက်ခက်ခဲခဲကြီးလည်း မလုပ်ချင်ဘူး။ ကိုယ့်အတွက် နည်းနည်းလေး ခက်ပြီးမှ နည်းနည်းလေး လွယ်လောက်မယ့် အရာကို Dee Dee က လက်ခံလိုက်တာဖြစ်ပါတယ်။ မြမြဇာတ်ကားက လူတွေ ထင်သလိုမျိုး Rape လုပ်တဲ့ ဇာတ်ကား မဟုတ်ပါဘူး” လို့ သူကဆိုပါတယ်။ 

Photo: Dee Dee

Dee Dee (Burmese) ဟာ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် ဝါသနာကြီးသူဖြစ်တာကြောင့် နောက်ထပ် ရုပ်ရှင်ကားကြီးရိုက်ဖို့ လာကမ်းလှမ်းရင်လည်း လက်ခံသွားဦးမယ်လို့ဆိုပါတယ်။ 

“ ဒီဇာတ်ကားအတွက် လူကြမ်းရွေးတုန်းကလည်း ဂယက်တွေထတယ်၊ မင်းသားရွေးတုန်းကလည်း ဂယက်တွေထတယ်၊ ကျွန်တော့်ကို ရွေးတုန်းကလည်း ဂယက်တွေထတယ်၊ အခု ဇာတ်ကားရုံတင်တော့မယ်ဆိုတော့လည်း ဂယက်တွေထတယ်။ နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားတွေမှာလည်း ကိုယ်နဲ့လိုက်မယ့် ကာရိုက်တာတွေရှိဦးမယ်ဆိုရင် လက်ခံချင်ပါတယ်။ ကိုယ့်အတွက် အတွေ့အကြုံအသစ်တွေ၊ အခွင့်အလမ်းတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ကိုယ်နဲ့ ပိုလိုက်မယ့် ကာရိုက်တာကတော့ တိုင်းရင်းသားဇာတ်ဝင်ခန်းတွေဆိုရင် Dee Dee နဲ့ ပိုလိုက်မယ်လို့ ထင်ပါတယ်” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Mya Mya

Dee Dee (Burmese) ပါဝင်သရုပ်ဆောင်ထားတဲ့ မြမြ ရုပ်ရှင်ကားကြီးကိုတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ Dee Dee (Burmese) နဲ့ အတူ မင်းတော်ဝင်၊ သင်ဇာဝင့်ကျော်၊ မျိုးလှိုင်ဝင်း၊ လင်းနေနဲ့ Ester Seng တို့က အဓိက သရုပ်ဆောင်တွေ အနေနဲ့ ပါဝင်ခဲ့ကြပါတယ်။ ဒီဇာတ်ကားကို ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့တာပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က