မိသားစုအတွက် အမှတ်တရများခဲ့တဲ့ ဇာတ်ကားပါ။
Sabal Thwin

လင်းဇာနည်ဇော်ဟာ ရုံတင်ပြသခွင့်ရပြီဖြစ်တဲ့ “မြန်မာပေါကားများ ရပ်” ရုပ်ရှင်ဇာတ်ကားကြီးအတွက် အရမ်းကို ဝမ်းသာပီတိဖြစ်နေသူပါ။ ဒီဇာတ်ကားဟာ သူမရဲ့ ဖခင် မကွယ်လွန်ခင်က ရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်လို့ အမှတ်တရတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လင်းဇာနည်ဇော်ကတော့ သူတို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ “မြန်မာပေါကားများ ရပ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခွင့်ရပြီလို့ သိရပါတယ်။ ဒီဇာတ်ကားရဲ့ အကြောင်းအရာလေးကိုလည်း လင်းဇာနည်ဇော်က မီဒီယာ အင်တာဗျူးတွေမှာ အခုလို ဖြေဆိုခဲ့ပါတယ်။

“ အစ်မတို့ ဇာတ်ကားကို သူများတွေက မေးတယ် ဒရာမာဇာတ်ကားလား ဆိုတော့ ဒရာမာဇာတ်ကားလို့လည်း ပြောလို့မရဘူး။ ဟာသဇာတ်ကား စစ်စစ်လားဆိုတော့လည်း မဟုတ်ဘူး။ ရုပ်ရှင်လောကမှာဖြစ်တတ်တာလေးတွေကို ဟာသလေးတွေ နှောပြီးတော့ စိတ်ကူးနဲ့ ရိုက်ထားတဲ့ ဇာတ်ကားလေးပါပဲ။ ခေတ်ရေစီးကြောင်းနဲ့ တွဲပြီးတော့ ရိုက်ထားတဲ့ ဇာတ်ကားမဟုတ်တဲ့အတွက် နည်းနည်းတော့ ခံသာပါတယ်” လို့ သူကဆိုပါတယ်။


Photo: Lin Zar Ni Zaw

“မြန်မာပေါကားများ ရပ်” ရုပ်ရှင်ဇာတ်ကားဟာ မိသားစုတွေ အတူတူ ဖန်တီးပုံဖော်ခွင့်ရခဲ့တဲ့ ဇာတ်ကားဖြစ်တယ်လို့ လင်းဇာနည်ဇော်က ပြောပါတယ်။ ဖခင်ဖြစ်သူ မကွယ်လွန်ခင်မှာ ရိုက်ခွင့်ရလိုက်တဲ့ ဇာတ်ကားပါတဲ့။

“ အတတ်နိုင်ဆုံးတော့ ပေါကားမဖြစ်အောင် ကြိုးစားထားပါတယ်။ အစ်မအဖေ ရှိတုန်းကလည်း သူအရမ်းမြတ်နိုးတဲ့ ဒီအလုပ်ကို အစ်မတို့ မိသားစု အတူတူလုပ်ကြမယ်ဆိုပြီးတော့ ဒီဇာတ်ကားကို အမြန်ဆုံးရိုက်ဖြစ်သွားတာပါ။ ၂၀၁၇ ခုနှစ်တုန်းကတည်းက ရိုက်တဲ့ ဇာတ်ကားပါ။ အဖေကတော့ ဆုံးသွားတာ တစ်နှစ်တောင် ရှိသွားပြီ” ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့က ရွာကျော်မိကဲ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Lin Zar Ni Zaw

ကိုယ်ပိုင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ပထမဆုံး ဇာတ်ကားဖြစ်တာကြောင့်လည်း အမှတ်တရလေးတွေ အများကြီးရှိတယ်လို့ လင်းဇာနည်ဇော်က ပြောပါတယ်။ 

“ အစ်မတို့ကတော့ ဒီဇာတ်ကားရိုက်ဖို့ စရည်ရွယ်ကတည်းက အဖေ အိပ်ရာထဲမှာရှိနေတယ်၊ ဘာမှ မသိဘူးဆိုပေမယ့်လည်း အဖေ့ရဲ့ သိစိတ်လေးမှာ တစ်ချက်တစ်ချက် သတိဝင်လာအောင် ဆိုပြီးတော့ သမီးတို့ အခုတော့ ဘာတွေ လုပ်နေပြီဆိုတာ အဖေ့ကို အကုန်လုံး ပြောပြတယ်။ အဖေ သိသိ မသိသိ အစ်မတို့ လုပ်နေတဲ့ အရာမှန်သမျှကို အဖေ့ကို အကုန်လုံး ပြောဖြစ်ကြပါတယ်” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။

Photo: Lin Zar Ni Zaw

မြန်မာပေါကားများရပ် ရုပ်ရှင်ဇာတ်ကားကို UKZ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ မိုက်တီးက ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကျော်သူ၊ လူမင်း၊ နေမျိုးအောင်၊ ပြေတီဦး၊ ခိုင်သင်းကြည် နဲ့ အိန္ဒြာကျော်ဇင်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ကျော်ထူး၊ အရိုင်း၊ ဇာဂနာ တို့က ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ မြန်မာပေါကားများရပ် ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က