ကျေးဇူးရှင် အဖေ ဆရာတစ်ယောက်ပါ။

ဒိန်းဒေါင်ဟာ ပရိသတ် သိတဲ့အနုပညာရှင် မဖြစ်ခင်တုန်းက ဦးမန်းဝင်းရဲ့ ဇာတ်အဖွဲ့ထဲမှာ လိုက်ကခဲ့ဖူးတဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ 

Photo: Daing Daung



ဦးမန်းဝင်းဟာ ဘုရားဒကာ တစ်ယောက်ဖြစ်တယ်လို့ ဒိန်းဒေါင်က ပြောပါတယ်။ သူကိုယ်တိုင် တည်ထား ကိုးကွယ်ထားတဲ့ စေတီတော်ကြီးမှာလည်း ဦးမန်းဝင်းက ဘုရားတစ်ဆူ ထည့်ဝင် လှူဒါန်းထားတယ်လို့ Duwun ကို ဒိန်းဒေါင်က ပြောပြခဲ့တာပါ။ 

“ ဦးမန်းဝင်းက ဘုရားဒကာ တစ်ယောက်ပါ။ ကျွန်တော် တည်ထားတဲ့ မိဘကျေးဇူးဆပ် အနန္တမေတ္တာ စေတီတော်ကြီးမှာလည်း စေတီတစ်ဆူ လှူထားတယ်။ သူကိုယ်တိုင် နေမကောင်းတဲ့ ကြားက ထီးတင်တယ်၊ ရေစက်ချတယ်။ ကျွန်တော် အဆင်မပြေတုန်းကဆိုရင် ဦးမန်းဝင်းရဲ့ ဇာတ်ထဲမှာ ပွဲလိုက်ကဖူးတယ်။ ကျေးဇူးရှင် အဖေ ဆရာဆိုရင်လည်း မမှားပါဘူး” ဆိုပြီးတော့ ဇူလိုင် (၁၃) ရက်နေ့က ဦးမန်းဝင်းရဲ့ နေအိမ်မှာ ဖြေဆိုခဲ့တာပါ။ 

Photo: Daing Daung

မန်းဝင်းကို ပရိသတ်တွေ ချစ်ကြတဲ့ အဓိက အကြောင်းအရာကတော့ ဗိုက်လှုပ်ပြီး ကတာလေး ကြောင့် ပိုချစ်ကြတာများတယ်လို့ ဒိန်းဒေါင်က ဆိုပါတယ်။ မန်းဝင်း နဲ့ အတူတူ ဇာတ်ပွဲတွေ ကခဲ့ရတဲ့ အမှတ်တရတွေကိုလည်း ဒိန်းဒေါင်က ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ ကျွန်တော် နာမည်လေးရလာတော့ ကျွန်တော် ပွဲကတဲ့ ဆီမှာလည်း သူကချင်တယ်ဆိုပြီးတော့ လိုက်ကတယ်။ သူ့ရဲ့ အက က သီးသန့်ရှိတယ်။ ဗိုက်ကလေး လှုပ်တုပ် လှုပ်တုပ်နဲ့ ကတာ အရမ်းချစ်ဖို့လည်း ကောင်းတယ်၊ လူတိုင်းလည်း သဘောကျတယ်။ သူနဲ့ ဟေမာမန်းဝင်းနဲ့ နှစ်ယောက် ကျွန်တော့် ဇာတ်ထဲမှာ အတူတူ လိုက်ကတယ်။ အဲဒီအချိန်မှာ အဖေကြီးရဲ့ ကျောက်ကပ်ရောဂါ စဖြစ်တယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Daing Daung

ဟာသလူရွှင်တော်ကြီး သရုပ်ဆောင် မန်းဝင်းဟာ ဇူလိုင်(၁၃) ရက်နေ့ မနက် (၆) နာရီခွဲ အချိန်မှာ ကွယ်လွန်သွားပြီဖြစ်တာကြောင့် မိသားစု နဲ့ထပ်တူ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေလည်း ဝမ်းနည်းကြေကွဲ ခဲ့ကြပါတယ်။ ဦးမန်းဝင်းရဲ့ ရုပ်ကလာပ်ကိုတော့ ဇူလိုင်(၁၅) ရက်နေ့ နေ့လယ် (၂) နာရီအချိန် ကျီစုသုဿာန်မှာ မီးသဂြိုဟ်သွားမှာဖြစ်ပါတယ်။ ဇူလိုင်(၁၉) ရက်နေ့ မနက် (၇) နာရီအချိန်မှာ ဦးမန်းဝင်းရဲ့ နေအိမ်မှာပဲ ရက်လည်ဆွမ်းသွပ် တရားနာအလှူပြုသွားမယ်လို့ သိရပါတယ်။ 

Photo: Daing Daung

ဒိန်းဒေါင်ကတော့ အခုလက်ရှိမှာ ကိုယ်ပိုင်ဇာတ်သဘင် တည်ထောင်ထားတာဖြစ်ပြီး နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒိန်းဒေါင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူ ခင်လှိုင်နဲ့ TV Program တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က