အိပ်မက်ထဲမှာ သင်္ကန်းဝတ်ထားတယ်။

လူရွှင်တော်ကြီး ဦးမန်းဝင်းကတော့ သူ့ရဲ့ တတိယမြောက် သမီးလေးကို ကွယ်လွန်ပြီး နောက်တစ်နေ့မှာ အိပ်မက်လာပေးခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်ခင်အေးကြူက အခုလို ပြောပြလာပါတယ်။ 

Photo: Man Win



ပရိသတ်တွေကို ဟာသပြက်လုံးလေးတွေနဲ့ ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်း ကွယ်လွန်တာ အခုဆိုရင် (၁၀) ရက်ရှိပြီဖြစ်ပါတယ်။ ဇူလိုင်လ (၁၃) ရက်နေ့က ကွယ်လွန်ခဲ့တဲ့ ဦးမန်းဝင်းက သူ့ရဲ့ တတိယမြောက် သမီးလေးကို အိပ်မက်လာပေးခဲ့တဲ့ ဖြစ်ရပ်ကို ဦးမန်းဝင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေးကြူ က Duwun ကို ပြောပြခဲ့ပါတယ်။

 “ ဦးမန်းဝင်း ကွယ်လွန်သွားပြီးတော့ အန်တီတို့မှာ ထူးထူးခြားခြားမကြုံရပေမယ့် တတိယမြောက် သမီးလေးကို အိပ်မက်ပေးတယ်။ ၁၃ ရက်နေ့မှာ သူဆုံးတယ် ၁၄ ရက်နေ့မှာ နေ့လယ်ခင်း သမီးလေးက အိပ်နေတော့ အဲဒီအချိန်မှာ ဦးမန်းဝင်းက ပုလ္လင်လေး လိုလို၊ ကွပ်ပစ်လေး လိုလို နေရာမှာ အိပ်နေတယ်တဲ့။ သင်္ကန်းဝတ်ထားတယ် ယောဂီအရောင်ဝတ်ထားပြီး အိပ်နေတာတဲ့။ အဲဒီမှာ သမီးတို့တွေက သဂြိုဟ်ဖို့အတွက် သွားနေပြီ သမီးတို့ကိုမြင်တော့ အဖေက ယောဂီသပါတ်လေးကို ခေါင်းပေါ်တင်ပြီး ဟော လာကြပြီဆိုပြီးတော့ ပြောတယ်။ သူ့မှာ အမိုးအကာ နေထိုင်စရာလေးလည်းရှိတော့ အေးချမ်းတဲ့ နေရာတစ်ခုခုကို ရောက်သွားပြီလို့ ထင်ပါတယ်” လို့ ဇူလိုင် ၁၉ ရက်နေ့က ပြောခဲ့တာပါ။ 

လူရွှင်တော်ကြီး ဟာသသရုပ်ဆောင် မန်းဝင်းကတော့ ဇူလိုင်လ (၁၃) ရက်နေ့ မနက် (၆) နာရီခွဲ ကပင်လုံဆေးရုံမှာ ကွယ်လွန်သွားခဲ့တာပါ။ သူ့ရဲ့ ဈာပနကိုတော့ ဇူလိုင်(၁၅) ရက်နေ့က ကျီစုသုဿာန်မှာ ပြုလုပ်ခဲ့တာပါ။ ဦးမန်းဝင်းရဲ့ နောက်ဆုံး ခရီးကို ဇာတ်သဘင်လောကမှ အနုပညာရှင်များ ၊ ပရိသတ်များစွာ တို့က လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဇူလိုင်(၁၉) ရက်နေ့မှာတော့ သံဃာတော်များ ပင့်ဆောင်ပြီး ဦးမန်းဝင်းအတွက် ရည်စူးကာ ရက်လည်ဆွမ်းကျွေး တရားနာခဲ့ကြတာဖြစ်ပါတယ်။ 

Photo: Man Win

ရက်လည် ဆွမ်းကျွေး တရားနာမှာ ထောက်ပံ့ကူညီခဲ့ကြတဲ့ ငွေ တွေကိုရော ၊ ဦးမန်းဝင်းရဲ့ ကျန်းမာရေးအတွက် ထောက်ပံ့ငွေ ကျန်ရှိနေတာတွေကိုပါ စုပေါင်းပြီး ဦးမန်းဝင်း တစ်ဦးတည်းအတွက် ဘုရားတည်ပြီး ကုသိုလ်ပြုပေးသွားမယ်လို့လည်း ဒေါ်ခင်အေးကြူ ပြောခဲ့ပါသေးတယ်။ 

“ ဘဘဦးမန်းဝင်းကို ချစ်တဲ့ ပရိသတ်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ အတူ သူ့ကို တာဝန်ယူထားတဲ့ ဆေးအလှူ ရှင်တွေ ပံ့ပိုးကူညီထားတဲ့ ငွေတွေ၊ ရက်လည်မှာရတဲ့ ထောက်ပံ့ငွေတွေ အားလုံးကိုလည်း အန်တီက ကိုယ်ရေးကိုယ်တာ အတွက် တစ်ပြားတစ်ချပ်မှ မသုံးပါဘူး။ ဦးမန်းဝင်း တစ်ယောက်တည်းရဲ့ နာမည်နဲ့ ဘုရားတည်ပါမယ်။ ဘုရားတည်ပြီးရင်လည်း အကြောင်းကြားမှာပါ။ ဦးမန်းဝင်းအတွက် တင်ပလင်ခွေ ကိုယ်တော်လေး တစ်ဆူကို အန်တီတို့ရပ်ကွက်က ဇိနာမာရ်အောင် ဘုရားမှာ လှူမယ်။ သားသမီးလေးတွေကလည်း အမြဲမပျက် သူ့အဖေနာမည်ပါတဲ့ ဘုရားကိုယ်တော်ကို သန့်ရှင်းရေးလုပ်ပေးတယ်၊ အားတဲ့ အချိန်လေး သွားဖူးမယ်ဆိုရင်လည်း အဖေကို ကျေးဇူးဆပ်ရာ ရောက်ပါတယ်” လို့ သူက ဆိုပါတယ်။ လူရွှင်တော်ကြီး မန်းဝင်းဟာ ဆီးချိုသွေးချိုရောဂါကြောင့် အမြင်အာရုံချို့တဲ့သွားပြီး ကျောက်ကပ် မကောင်းတော့တဲ့အတွက်လည်း ကျောက်ကပ်အမြဲဆေးခဲ့ရပါတယ်။ အဲဒီအပြင် ဖေဖော်ဝါရီလ အတွင်းကလည်း သတိလစ်မေ့မြောကာ အရေးပေါ် အခြေအနေကြောင့် အသက်လုခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ပါသေးတယ်။ 

Photo: Man Win

ဦးမန်းဝင်းကတော့ ကွယ်လွန်ချိန်မှာ အသက်(၇၈) နှစ်ရှိပါပြီ။ မန်းဝင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က