ကိုချစ်ရမယ့်သူက ယောက်ျားလေးဆိုတော့ ပိုဆိုးတယ်။

စိုင်းဝဏ္ဏအောင်ဟာ Innocence Series ထဲက မြူခိုး ကာရိုက်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Photo: Sai Wunna Aung



စိုင်းဝဏ္ဏအောင်ကတော့ Innocence ရုပ်သံဇာတ်လမ်းတွဲထဲမှာ မြူခိုး ဇာတ်ကောင်နဲ့ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Boy Love Series ဖြစ်တဲ့အတွက် သူ့ရဲ့ ခံစားချက်ကို Duwun ကနေ ပြောပြလာပါတယ်။

“ ကျွန်တော် အဲဒီကာရိုက်တာကို လက်ခံလိုက်ပြီဆိုတာနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီကောင်လေးကို ကျွန်တော် ချစ်ရမှာပဲလေ။ ကျွန်တော် ချစ်နိုင်အောင် ကြိုးစားရမှာပဲ။ ကျွန်တော့် ကာရိုက်တာရဲ့ ခံစားချက်ဝင်အောင် သရုပ်ဆောင်တယ်။ ရိုက်တဲ့အချိန်မှာလည်း သူ့ကို တကယ်ချစ်တဲ့ စိတ်နဲ့ ရိုက်ထားတယ်။ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် မိန်းကလေးတစ်ယောက်နဲ့ သရုပ်ဆောင်ရတာ ပိုလွယ်တယ်။ ယောင်္ကျားလေး အချင်းချင်း ပူးပူးကပ်ကပ်နေရမယ် ဆိုတော့ ပိုခက်တယ်” လို့ သူက ပြောပါတယ်။ 

Photo: Sai Wunna Aung

စိုင်းဝဏ္ဏအောင် အတွက်တော့ Boy Love Series အနေနဲ့ရိုက်တာ ပထမဆုံး ဇာတ်ကားဖြစ်တယ်လို့ ဆိုပါတယ်။ မြူခိုး ဇာတ်ကောင်ကလည်း သူ့အတွက် စိန်ခေါ်မှု တစ်ခု ဖြစ်ပါတယ်တဲ့။ 

“ Innocence Series လေးက မြန်မာနိုင်ငံမှာဆိုရင် ပထမဆုံး မိတ်ဆက်တဲ့ Boy Love Series တွေထဲမှာ ပါတယ်။ ဒီဇာတ်ကားအတွက် ပိုပြီးတော့ စိတ်လှုပ်ရှားတယ်၊ ရင်ခုန်တယ်။ သတိလည်းထားရတယ်။ လူတွေက ပထမဦးဆုံး ဘယ်အလုပ်တွေကိုမဆို စောင့်ကြည့်ကြတယ်လေ။ ယောင်္ကျားလေး နှစ်ယောက်ဆိုတော့ ကျွန်တော့်အတွက် စိန်ခေါ်မှုတွေ ရှိပါတယ်”လို့ ဆိုပါတယ်။ 

Photo: Sai Wunna Aung

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ဆယ်ကျော်သက်လူငယ်တွေကြားမှာ Boy Love Series တွေဟာ ရေပန်းစားနေခဲ့တာပါ။ ဒါကြောင့် စိုင်းဝဏ္ဏအောင်ကလည်း Innocence Series နဲ့ ပတ်သက်ပြီး ကောင်းတာ၊ ဆိုးတာ ဝေဖန်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

“ ဒါက ပထမဦးဆုံး BL Series ဆိုတော့ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဒီလို Series မျိုးတွေ ကြည့်ဖို့က စောနေသေးတယ်။ လူကြီးတွေရဲ့ အတွေးအခေါ်နဲ့ ခေတ်ရဲ့ တိုးတက်မှုက နည်းနည်းလေး ကွာဟနေသေးတယ်။ အပြောခံရမယ်ဆိုတာကိုလည်း သိတယ်၊ အတိုက်အခိုက်ဆိုတာတွေလည်း ရှိမှာပဲ။ ဝေဖန်တာတွေလည်းရှိမှာပဲ။ ဒါပေမယ့် အားပေးကြတဲ့သူတွေလည်းရှိပါတယ်။ ဝေဖန်မှုတွေ အတွက် ပြင်လည်း ပြင်ဆင်ထားတယ်၊ မျှော်လည်း မျှော်လင့်ထားတယ်။ တကယ်တမ်း ကြုံလာရပြီဆိုရင်တော့ တစ်ဝက် သက်သာတာပေါ့နော်” ဆိုပြီးတော့ အဆိုတော် ပိုပိုရဲ့ " ဖြေ" MTV ရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Sai Wunna Aung

 Innocence ရုပ်သံဇာတ်လမ်းတွဲထဲက မြူခိုး ဇာတ်ကောင်နေရာဟာ အပြောင်းအလဲတွေ ရှိခဲ့ဖူးပါတယ်။ ထက်ဦးထွဋ် ၊ မိုးမာန် တို့ဟာ မြူခိုးကာရိုက်တာမှာ ပါဝင်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ မြူခိုး ဇာတ်ကောင်ကို စိုင်းဝဏ္ဏအောင် ကလက်ခံရိုက်ကူးသွားမှာပါ။ စိုင်းဝဏ္ဏအောင်ကတော့ Model တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာပါ။ လက်ရှိမှာတော့ စိုင်းဝဏ္ဏအောင်ဟာ TV ကြော်ငြာတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က