ပရိသတ်တွေကိုလည်း Surprise လုပ်ဦးမှာပါ။
Sabal Thwin

ဖွေးဖွေးဟာ သြဂုတ်လ(၉) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့ အစီအစဉ်တွေကို အခုလို ပြောပြလာပါတယ်။ 

သရုပ်ဆောင် ဖွေးဖွေးကတော့ သြဂုတ်လ(၉) ရက်နေ့မှာ မွေးနေ့ ကျရောက်မှာ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေ လုပ်သွားမှာဖြစ်ပြီး ပရိသတ်တွေကိုလည်း Surprise လေးတွေ လုပ်ဖို့ စီစဉ်ထားတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ မွေးနေ့ကတော့ ဖွေး လှူချင်တဲ့ နေရာလေးတွေကို လှူမယ်။ စတုဒီသာတွေတော့ ကျွေးဖြစ်မှာမဟုတ်ဘူး လူစုလူဝေးအရမ်းများမှာစိုးလို့ပါ။ ပြီးရင် ပရိသတ်တွေအတွက် Surprise စီစဉ်ထားတာ တစ်ခုရှိတယ်။ ဖွေးကို ကျတော့ ရုပ်ရှင်ရုံတွေမှာပဲ တွေ့ရတာများတယ်လေ။ အဲဒီတော့ သူတို့လေးတွေ အလွမ်းပြေအောင် ဖွေးက မွေးနေ့ အမှတ်တရ Surprise လုပ်သွားမှာပါ။ ဒီ Surprise ကလည်း အန္တရာယ်လည်း ကင်းအောင် Social Media မှာပဲ ပရိသတ်ကို Surprise လုပ်သွားမှာပါ” ဆိုပြီးတော့ ဇူလိုင်လ ၃၁ ရက်နေ့ ညက Bella ရဲ့ ရေမွှေးအသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Amazing Grace

အနုပညာရှင်များအနေနဲ့ မတ်လ အစမှာကတည်းက COVID-19 ကူးစက်ရောဂါကြောင့် အလုပ်တွေ ရပ်နားခဲ့ကြတာဖြစ်ပါတယ်။ ဖွေးဖွေးကိုယ်တိုင်ကလည်း ရိုက်ကူးရေးတွေ ရပ်နားထားတဲ့ ကာလမှာ တစ်နေ့တာ ဖြတ်သန်းမှုတွေ အကြောင်းပြောပြလာပါတယ်။ 

“အခုချိန်က စိတ်ဖိစီးမှုတွေ မရှိတဲ့ ကာလလို့ပြောလို့ရတယ်။ ဝင်ငွေတော့ အရင်ကလောက်မရှိဘူးဆိုပေမယ့် ကိုယ်နားရတာတွေက ကိုယ့်မိသားစုအတွက်၊ ကိုယ့်ကိုယ်ကိုယ် အတွက် အချိန်တွေ ထွက်လာတာပေါ့နော်။ ကိုယ်မဖတ်ရသေးတဲ့ စာအုပ်တွေ ဖတ်တယ်၊ ကိုယ်မကြည့်ရသေးတဲ့ ရုပ်ရှင်တွေ ကြည့်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေနေမိတယ်။ ရုပ်ရှင်ရိုက်ကူးရေးတွေကိုကျတော့ သူများတွေ ဘယ်လိုရိုက်ကြလဲဆိုတာ ဖွေးလေ့လာချင်ပါသေးတယ်။ ဖွေးကတော့ သြဂုတ်လကုန်လောက်မှ ဇာတ်ကားတွေ ပြန်ရိုက်ဖြစ်မှာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Phway Phway

ဖွေးဖွေးကတော့ သရုပ်ဆောင်အလုပ်သာမက သီချင်းဆိုတာကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် Stay Home ကာလမှာ သူမကိုယ်တိုင် သီဆိုထားတဲ့ " ငါ့ကမ္ဘာထဲ" ၊ "ဘိုမ" စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးထားတာလည်း တွေ့ရပါတယ်။ ဖွေးဖွေး(Phway Phway)ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က