ဒီနေ့ကတော့ သူမရဲ့ မွေးနေ့ ဖြစ်ပါတယ်။

အလှူအတန်းနဲ့ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်လို့ ဆိုရမယ့် ဇာတ်ပို့သရုပ်ဆောင် အိတုန် က ဒီနေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ကုသိုလ်အဖြစ် တစ်နေ့တာလုံး အလှူအတန်းတွေ လုပ်သွားမယ်လို့ဆိုပါတယ်။ 

Photo: Ei Tone



ဇာတ်ပို့သရုပ်ဆောင် အိတုန်ကတော့ ဒီနေ့(သြဂုတ်လ ၂၄ ရက်) မှာ ကျရောက်တဲ့ မွေးနေ့ကို အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းသွားမယ်လို့ဆိုပါတယ်။ မွေးနေ့ မနက်ပိုင်းမှာ ပြုခဲ့တဲ့ ကောင်းမှု ကုသိုလ်လေးတွေ အကြောင်းကို Duwun ကနေ ဆက်သွယ်မေးမြန်းရာမှယ အခုလို ဖြေဆိုခဲ့ပါတယ်။ 

“ ဒီနေ့ကတော့ မနက်စောစောစီးစီး အိမ်က ဘုရားမှာ ဆွမ်းကပ်တယ်။ မိဘနှစ်ပါးကို ကန်တော့တယ်။ ပြီးတော့ သန်လျင်က သဘာဝတရားရိပ်သာမှာ ဆေးပဒေသာ နဲ့ ဘက်စုံအလှူအတွက် ကိုယ်တိုင် ပိုက်ဆံ သွားလှူဖြစ်တယ်။ ပြီးတော့ ခွေးဂေဟာ မှာ အစာအာဟာရလှူတယ်။ ပြီးတော့ Mask (၁၀၀၀)ကို ဆရာရန်လေးကို လှူတယ်။ ပြီးတော့ ကိုယ်သွားတဲ့ လမ်းတစ်လျှောက်လုံးမှာ ပံ့သကူအလှူလေး လုပ်ဖြစ်တယ်။ ဒီနေ့လှူတာ နေ့တစ်ဝက် ပြီးသွားပြီပေါ့” လို့ သူက ဆိုပါတယ်။ 

Photo: Ei Tone

အိတုန်ဟာ သူမရဲ့ မွေးနေ့မှာ ကုသိုလ်အလှူလေးတွေ လုပ်ဖို့ ရည်ရွယ်ပြီး ပိုက်ဆံ စုခဲ့တယ်လို့ သိရပါတယ်။ စုဆောင်းထားတဲ့ ငွေကြေး(၁၀) သိန်း ရခဲ့တာဖြစ်ပြီး ငွေကျပ်(၅) သိန်းကျော် လှူဒါန်းခဲ့ပြီးပြီလို့ ဆိုပါတယ်။ 

“ ကိုယ့်ရဲ့ မွေးနေ့လည်းဖြစ်တာကြောင့် ဒီနေ့ တစ်နေကုန် အလှူခံတဲ့သူတွေကို လှူဖို့ စီစဉ်ထားတယ်။ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဆင်မပြေတဲ့သူ အကုန်လုံးကို လှူမယ်။ ပြီးတော့ အိမ်အနီးအနားက မိတ်ဆွေတွေကိုတော့ ဒန်ပေါက် အလှူလေး လုပ်ဖြစ်တယ်။ မွေးနေ့အတွက် လှူဖို့ဆိုပြီးတော့ စုထားတဲ့ ပိုက်ဆံ အသစ်လေးတွေက (၁၀) သိန်းပါ။ အခုလောလောဆယ်တော့ (၅) သိန်းကျော်ပဲ ကုန်သေးတယ်။ နေ့တစ်ဝက်ပဲ ဆိုတော့ တစ်နေကုန်လှူရင် ဘယ်လောက် ကုန်မလဲဆိုတာ မသိသေးဘူး” သူက ပြောပါတယ်။ 

Photo: Ei Tone

မွေးနေ့ အလှူကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခွင့်ရတဲ့ ပီတိကိုလည်း အိတုန်က အခုလို ပြောပြလာပါတယ်။ သူမဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တစ်ဦးဆိုလည်း မမှားပါဘူး။ 

“ ကိုယ်က တဖြည်းဖြည်းနဲ့ အသက်တွေ ကြီးလာမှာလေ။ ဒီအလှူကပဲ ကိုယ့်အနောက်ပါလေ။ ပြီးတော့ ဒီပိုက်ဆံ ဆိုတာက ကိုယ်တိုင် နဖူးကချွေး ခြေမ ကျတဲ့အထိ ရှာထားတဲ့ ပိုက်ဆံဖြစ်တယ်။ ဖြူစင်ရှင်းသန့်တဲ့ ပိုက်ဆံဖြစ်တဲ့ အတွက် တစ်ကျပ်လှူလည်း အလှူဖြစ်တယ်။ လှူချင်ဇောနဲ့ ညကဆို အိပ်လို့တောင် မပျော်ဘူး။ ပြီးတော့ ကိုယ်တွေ့တဲ့ ဘုန်းဘုန်းတွေကို သင်္ကန်းလှူသွားဖို့အတွက် ဝယ်ထားတာလေးတွေလည်း ရှိပါသေးတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Ei Tone

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် အိတုန်တော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူ ကိုနေမျိုးထွန်းကလည်း တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုနေမျိုးဟာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူး။ အိတုန်ကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု နည်းနေတာကြောင့် online shopping လုပ်နေတာလည်း တွေ့ရပါတယ်။ သူမဟာ ဒုတိယမြောက် ရင်သွေးလေးကိုလည်း ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က