မနက်ဖြန်ကျရင်လည်း ပရိသတ်တွေအတွက် လှူဦးမှာပါ။
Ei Ei Myat

စမိုင်းလ်က ဒီနှစ်မွေးနေ့မှာ ရုပ်ရှင်လောကသားတွေ ငွေကျပ် သိန်း(၆၀)လှူဒါန်းခဲ့သလို ဇွန်လ(၂၁)ရက်နေ့မှာ ပရိသတ်အယောက်(၁၀၀၀)အတွက် ငွေကျပ်(၃၆)သိန်းတိတိ ဖုန်းဘေလ်များလှူဒါန်းသွားမှာဖြစ်ပါတယ်။

စမိုင်းလ်ကတော့ သူမရဲ့ အသက်(၃၆)နှစ်ပြည့် မွေးနေ့မရောက်ခင် ရက်ပိုင်းအလိုကတည်းက အလှူအတန်းတွေ ဆက်တိုက်ပြုလုပ်နေတာပါ။ဒီနေ့ (ဇွန်လ၂၀ရက်) မှာလည်း ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်လောကသား တွေအတွက် သိန်း (၆၀) တိတိကို လှူဒါန်းခဲ့ပါသေးတယ်။ သူမအနေနဲ့ ရုပ်ရှင်လောကသားတွေကို တစ်စုတစ်ပေါင်းတည်း မလှူရသေးတာကြောင့် ဒီနှစ်မှာ အခုလိုမျိုး လှူဒါန်းဖြစ်တာလို့ ဆိုပါတယ်။

“ မြန်မာနိုင်ငံ ပြန်လာကတည်းက စီးပွားရေးကို အဓိက လုပ်မိတယ်။ပြီးတော့ အမြဲတမ်းလှူဖြစ်တယ် တော်တော်များများ လှူတယ်ပေ့ါ။ သေချာပြန်စဥ်းစားကြည့်လိုက်တော့ ရုပ်ရှင်ကို မလှူသေးဘူးဖြစ်နေတယ်။ စုပြီးတော့ အများကြီး မလှူဖူးသေးဘူးပေ့ါနော်။ဒါကြောင့်မှတ်မှတ်ရရလေးဖြစ်အောင် ရုပ်ရှင်လောကသား တွေကိုလည်းကူညီတဲ့အနေနဲ့ အများကြီး လှူဖြစ်တာပါ။တစ်ခါတည်း အများကြီးစုပြီး လှူဖြစ်တာ ဒီတစ်ခါ ပထမဆုံးပေ့ါတစ်ဖွဲ့ကို (၁၀)သိန်းနဲ့ သိန်း(၆၀)လှူခဲ့တာပါ” လို့ သူမက ဆိုပါတယ်။

မွေးနေ့အမှတ်တရအဖြစ် ဒီနေ့လှူဒါန်းတဲ့အလှူမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ငွေကျပ် (၁၀)သိန်းကျပ်၊ အမေများအဖွဲ့အတွက် ငွေကျပ်(၁၀)သိန်း၊ မမများအဖွဲ့အတွက် ငွေကျပ်(၁၀)သိန်း၊ စက်မှုအလွှာအဖွဲ့အတွက် ငွေကျပ်(၁၀)သိန်း၊ ဇာတ်ပို့ဇာတ်ရံအလွှာအဖွဲ့အတွက် ငွေကျပ်(၁၀)သိန်းကျပ်နဲ့ ကိုလူချောအဖွဲ့အတွက် ငွေကျပ်(၁၀) စုစုပေါင်း သိန်း(၆၀) တိတိကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇွန်လ(၂၁)ရက်နေ့မှာလည်း ပရိသတ်အယောက် (၁၀၀၀)အတွက် ဖုန်းဘေလ်များ လှူဒါန်းသွားမှာ ဖြစ်သလို ဇွန်လ(၂၁) ရက်နေ့ တစ်နေ့လုံးကိုလည်း အလှူအတန်းတွေ ဆက်တိုက်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

"မနက်ဖြန် ညနေ(၄)နာရီကနေ စပြီး လှူဒါန်းမှုတွေ စမယ်ပေ့ါ၊အသက်ရှုစက်လည်းလှူမယ် ။ ‌ဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းကိုလည်းလှုမယ်ပရိသတ်တွေကိုလည်း လှူမယ်ပြီးတော့ လူတစ်ထောင်အတွက် ဖုန်းဘေလ် ၃၆၀၀စီ စုစုပေါင်း ၃၆သိန်းဖိုးလှူမယ်။ပြီးသွားရင် အမမနက်ဖြန်တောက်လျှောက်ကို သိန်း၃၀၀ဖိုးကို တစ်နေ့လုံးလှူနေမှာ"လို့ သူမက ပြောပါတယ်။

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသ လိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကိုထိန်းသိမ်း ရ တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

 


Author


က္က