သူ့ရဲ့ အချစ်ရေးအကြောင်းကိုလည်း ပြောပြလာပါသေးတယ်။

ခန့်စည်သူကမွေးနေ့ အလှူလုပ်ရင်း အသက်တစ်နှစ်ကြီးလာတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ရမယ်ဆိုတာ တွေးမိတယ်လို့ သူကဆိုပါတယ်။ 

ဒီနေ့ ဇွန်လ(၁၁) ရက်နေ့က ခန့်စည်သူရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ အလှူကိုတော့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ဓမ္မဝိဟာရ စာသင်တိုက်မှာ အနုပညာမောင်နှမတွေနဲ့ အတူ အလှူအတန်းတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။ မွေးနေ့ ရောက်တိုင်း ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကိုလည်း Duwun ကနေ အခုလို ပြောပြထားပါသေးတယ်။ 



" အသက်တစ်နှစ်ကြီးလာတော့လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ရမှာပေါ့နော်။ အမှားတွေလည်း လုပ်ခွင့်မရှိတော့ဘူး။ တကယ်တော့ ဒီနေ့ မွေးနေ့မှာ အဖေ နဲ့ အမေကိုလည်း သူတို့လက်နဲ့ အလှူအတန်း လုပ်စေချင်တယ်။ ကျန်းမာရေးလည်း ထင်သလောက်မကောင်းတော့ ကိုယ်ခံအားနည်းနေချိန်မှာ ရောဂါဖြစ်မှာလည်း စိုးရိမ်တော့ အိမ်ကနေပဲ သာဓု ခေါ်ပေးပါလို့ ပြောခဲ့ပါတယ်"လို့ သူက ဆိုပါတယ်။ 

ခန့်စည်သူဟာ အသက်တစ်နှစ်ကြီးလာတိုင်း အချစ်ရေးအပေါ်ထားတဲ့ သဘောထားကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ 

"တစ်ယောက်တည်းပဲ နေဖြစ်မှာပါ။ ကိုယ်တစ်ယောက်တည်း နေတဲ့အခါ မိဘကိုလည်း အပြည့်အဝ လုပ်ကျွေးပြုစုခွင့်ရတယ်။ ဘယ်သွားသွား၊ ဘယ်လာလာ ခွင့်တောင်းစရာ၊ ခွင့်တိုင်စရာလည်း မလိုဘူး။ ဘယ်အချိန်ပြန်မယ်ဆိုတာလည်း ပြောစရာ မလိုဘူး။ တစ်ယောက်တည်းပဲ နေတာ ကောင်းပါတယ်။ ငယ်သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ စုပြီး သွားချင်တာ သွား လာချင်တာလာပဲ ဘယ်လောက်ကောင်းသလဲ" လို့ ဆိုပါတယ်။

ခန့်စည်သူကတော့ အလှူအတန်းတွေ အဆက်မပြတ် ဆောင်ရွက်နေသူ ဖြစ်ပြီး သူချစ်ရတဲ့ ပရိသတ်တွေကိုလည်း ကိုယ်တိုင် ခွန်အားပေးစကားပြောခွင့်ရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူဟာ COVID-19 ကာလမှာ အနုပညာလောကသားတွေထဲက စားဝတ်နေရေးအဆင်မပြေသူများဖြစ်တဲ့ စက်မှုအခြေခံအလွှာ ၊ အမေများအဖွဲ့ တို့ကိုလည်း စားနပ်ရိက္ခာတွေနဲ့ ငွေကြေးထောက်ပံ့မှုများပြုလုပ်ခဲ့သလို ရန်ကုန် ကလေးဆေးရုံကြီး၊ ဝေဘာဂီဆေးရုံ ကြီး နဲ့ မန္တလေးဆေးရုံကြီးတွေမှာလည်း အာဟာရ အလှူဒါနတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် တာမွေမြို့နယ်ရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှ စာသင်ကြားနေကြတဲ့ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား ကျောင်းသူများအတွက်လည်း စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။  

ပရဟိတကုသိုလ်တွေ လုပ်လေ့ရှိတဲ့ အနုပညာရှင်တွေထဲမှာ ခန့်စည်သူက သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ ဘွဲ့ကို ရရှိထား သူဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်သလို သွားရောက်ရိုက်ကူးတဲ့ နယ်မြို့တွေမှာလည်း အမြဲတမ်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ခန့်စည်သူဟာ ပရဟိတအလုပ်တွေမှာသာမက၊ ဘုရားတည်၊ ကျောင်းဆောက် စတဲ့ အလှူတွေလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က