အမိုက်စား ဝတ်စုံတစ်စုံဖြစ်လာဖို့ ပံ့ပိုးပေးခဲ့သူတွေက အများကြီးပါ။

ဖြူဖြူကျော်သိန်းကတော့ Myanmar idol(Season-4) သီချင်းဆိုပြိုင်ပွဲကြီးမှာ ဝတ်တဲ့ ဖက်ရှင်တွေ အကြောင်းပြောပြလာပါတယ်။ ငွေကြေးကုန်ကျမှုထက် မေတ္တာ၊ စေတနာတွေနဲ့ ရင်းထားတဲ့ ဖက်ရှင်တွေလို့ သူကဆိုပါတယ်။

Photo: Dior



Myanmar idol(Season-4) သီချင်းဆိုပြိုင်ပွဲကြီးမှာ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်ကတော့ ပရိသတ်တွေ စိတ်ဝင်စားစရာ တစ်ခု ဖြစ်လို့လာခဲ့ပါပြီ။ ဒီလို ဖက်ရှင်အမိုက်စားတွေ ပြင်ဆင်ဖြစ်တဲ့အကြောင်းကိုလည်း Duwun Media ကနေ ပြောပြလာပါတယ်။

“ ဒါက ဖြူဖြူ တစ်ယောက်တည်းရဲ့ စွမ်းအားမဟုတ်ပါဘူး။ ဖြူဖြူ့ရဲ့နောက်မှာ ပံ့ပိုးပေးနေ ကြတဲ့သူတွေရှိတယ်။ ဖြူဖြူရယ်၊ မမညိုရယ်က ဒီဟာဖြစ်ချင်တယ်ဆိုတဲ့နောက်မှာ ဒီဇိုင်နာတွေက သူတို့ရဲ့ အိုင်ဒီယာတွေနဲ့ ပံ့ပိုးပေးကြတယ်။ တစ်ပတ်နဲ့ တစ်ပတ် ဒီဇိုင်နာတွေ မတူဘူး။ မိတ်ကပ်နဲ့ ဆံပင်ဆိုရင်လည်း အန်တီလင်းတို့၊ အန်တီမေဦးမောင်တို့က ဝိုင်းပြီးတော့ ပံ့ပိုးပေးကြတယ်။ တစ်ပတ်ကို Theme တစ်ခုစီနဲ့သွားတာဆိုတော့ ဘယ် Theme မှာ ဖြူဖြူ့ကို ဘယ်လိုပြင်ဆင်ပေးမယ်ဆိုတာက အစ ဝိုင်းဝန်းကူညီပေးကြတာပါ။ ဒီ ကြိုးစားမှုတွေကို အသိအမှတ်ပြုပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။

Photo: Phyu Phyu Kyaw Thein

သီချင်းဆို ပြိုင်ပွဲ တစ်ပတ်ချင်းစီတိုင်းမှာ ဖြူဖြူ့ရဲ့ ဖက်ရှင် တစ်စုံတန်ဖိုးဘယ်လောက်ကုန်ကျသလဲလို့ မေးခဲ့တဲ့ မေးခွန်းအပေါ်မှာလည်း ဖြူဖြူကျော်သိန်းက အခုလို ဖြေဆိုခဲ့ပြန်ပါသေးတယ်။

“ လောကမှာ ပိုက်ဆံထက် တန်ဖိုးရှိတဲ့အရာတွေ အများကြီးရှိတယ်။ အစ်မကို ပံ့ပိုးပေးနေကြတဲ့သူတွေက အစ်မအပေါ်ထားတဲ့ မေတ္တာတင်မကဘူး။ ဒီအစီအစဉ်တစ်ခုလုံးကို သန်းပေါင်းများစွာသော ပရိသတ်တွေအပေါ်ထားတဲ့လေးစားမှု၊ သူတို့ရဲ့ Professional ပီသတဲ့ စိတ်ဓာတ်ရှိမှု၊ ပေးတဲ့ အချိန်၊ ပြီးတော့ အိုင်ဒီယာတွေ မျိုးစုံကို တစ်ချိန်လုံးထုတ်နေရတာ။ အဲဒီလိုအရာတွေရဲ့ ကြိုးစားမှုဟာ ပိုက်ဆံဆိုတဲ့ အရာထက်အများကြီးပိုပြီး တန်ဖိုးကြီးတယ်” လို့ သူကဆိုပါတယ်။

Photo: Dior

ဖြူဖြူကျော်သိန်းကတော့ ငွေထက် တန်ဖိုးကြီးတဲ့အရာတွေ အများကြီးရှိတယ်လို့ ခံယူထားသူပါ။ ငွေကို ဒုတိယ ဘုရားသခင်လို့ သတ်မှတ်ထားကြတာတွေကလည်း တကယ်တော့ မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။

“ ငွေဟာ ဒုတိယဘုရားသခင်လို့ ထင်ရလောက်အောင်ဖြစ်တဲ့အခါတွေ၊ ထင်တဲ့အခါတွေလည်း ရှိကောင်းရှိမှာပေါ့လေ။ တကယ်တမ်းပြန်တွေးကြည့်လို့ရှိရင် မဟုတ်ပါဘူး။ လောကမှာ ပိုက်ဆံပေးတိုင်း မရနိုင်တဲ့ အရာတွေ အများကြီးပဲ။ ချစ်ခြင်းမေတ္တာ၊ Professional ပီသမှုတွေဆိုတာက ပိုက်ဆံနဲ့ လဲလို့ မရဘူး” ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက်နေ့က ဝိန့်စိန်ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။

Photo: Dior

Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီးကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့ကတည်းက MRTV-4 ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်လာတဲ့ ဖြူဖြူကျော်သိန်း ကတော့ ဖက်ရှင်အလန်းစား၊ အမိုက်စားတွေနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပါသေးတယ်။

ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကိုတော့ အတွင်းကြေ သီချင်းကနေ ပရိသတ်တွေ ပိုပြီး သတိထားအားပေးလာကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်လို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က