အခုဆိုရင် အသေအပျောက်များနေပြီတဲ့။

ခင်သဇင်ဟာ နာဂဒေသမှာ နေထိုင်ကြတဲ့ နာဂတိုင်းရင်းသားတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးပစ္စည်းတွေ အလှူခံနေတာ တွေ့ရပါတယ်။ နာဂဒေသအတွင်းမှာလည်း ကျန်းမာရေးချို့တဲ့မှုတွေကြောင့် အသေအပျောက်များနေတယ်လို့ ဆိုပါတယ်။

Photo: Khin Thazin

သရုပ်ဆောင်ခင်သဇင်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာထပ်မှာ နာဂတိုင်းရင်းသားတွေအတွက် အရေးပေါ် အလှူခံနေတဲ့အကြောင်းပြောလာပါတယ်။ လက်ရှိအချိန်မှာတော့ နာဂဒေသအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး လိုအပ်တဲ့ဆေးဝါးတွေ စုဆောင်းနေတယ်လို့ Duwun Media ရဲ့ ဆက်သွယ်မေးမြန်းမှုမှာ အခုလို ဖြေဆိုခဲ့ပါတယ်။

‘’ အဓိကက မာရီကိုးက အဲဒီက သံအမတ်ကိုး။ သူကိုယ်တိုင်ကလည်း နာဂလူမျိုးလေ။ မနက်ဖြန်ဆို သူက သွားလှူတော့မှာဖြစ်တဲ့အတွက် သဇင်လည်း အခု ထီးတို့၊ မိုးကာတို့၊ ဖိနပ်တို့ကို ကမကထလုပ်ပြီး လှူပေးလိုက်တယ်။ ဆေးဝါးပစ္စည်းတွေလည်း လိုအပ်တဲ့အခါကျတော့ ရွှေအိုးဆေးဆိုင်တို့၊ ဆေးကုမ္မဏီတွေနဲ့ အခုတော့ လိုက်ချိတ်နေတယ်။ ဟိုမှာက ပစ္စည်းတွေကလည်း မလောက်တော့ Basic ဆေးလေးတွေ၊ ဘိုင်အိုဂျက်ဆစ်တို့ ခေါင်းကိုက်ဖျားနာပျောက်ဆေးတို့၊ ယားနာပျောက်ဆေးတို့၊ မျက်စဉ်းခပ်ဆေးတို့ လိုတာပေါ့နော်။ ဟိုဘက်မှာက မိုးတွင်းဆိုရင် ဝမ်းရှောတာများတယ်၊ ဝမ်းပိတ်ဆေးတွေလိုတယ်။ ကလေးတွေ အအေးမိပြီး ဖျားကြတာပေါ့။ ဝမ်းပိတ်ဆေး၊ ဖျားနာပျောက်ဆေး၊ ခေါင်းကိုက်ပျောက်ဆေး အဓိက လိုအပ်တာပါ’’ လို့ ဆိုပါတယ်။

Photo: Khin Thazin

လက်ရှိမှာလည်း နာဂဒေသမှာ အဖြစ်များနေတဲ့ ကျန်းမာရေး အခြေအနေတွေကိုလည်း ခင်သဇင်က ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ ကလေးတွေကဟိုမှာ အရမ်းဖျားနာပြီး အသေအပျောက်လည်းများကြတော့ မာရီကိုးက ကိုယ်တိုင်သွားမှာပေါ့။ သဇင်ကတော့ သတင်းအတိအကျရအောင် လိုအပ်တဲ့ ဆေးဝါးပစ္စည်းလေးတွေကို သိချင်လို့ စာရင်းလေးကောက်ပေးပါလားလို့ အကူအညီတောင်းတာပေါ့နော်။ ဒီဘက်ကလည်း အမြဲလှမ်းပို့ပေးလို့ရအောင် ပင်တိုင်လှူတဲ့သူရှိရင်တော့ ကောင်းတာပေါ့နော်။ သဇင်ကတော့ အလှူအကျိုးဆောင်ပေါ့နော်။ ဘာပဲပြောပြော ကုမ္မဏီတစ်ခုက လှူလိုက်ရင် နောက်ထပ် ကုမ္မဏီတွေကလည်း လှူလို့ရအောင် တွေးပြီးတော့ အလှူခံတာပါ’’လို့ သူကဆိုပါတယ်။

Photo: Khin Thazin

အဲဒီနောက် မဖွံ့ဖြိုးသေးတဲ့ ဒေသတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ အများကြီး လိုတယ်လို့လည်း ခင်သဇင်က ပြောပါတယ်။ သူမဟာ စီးပွားရေးပါရဂူဘွဲ့၊ ဒေါက်တာဘွဲ့အတွက် ပညာသင်ကြားနေတာဖြစ်လို့ သိကျွမ်းတဲ့ ဆေးကုမ္မဏီတွေနဲ့ ချိတ်ဆက်ပြီး ဆေးဝါးတွေ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

‘’မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ အာရုံစိုက်မှုလိုအပ်နေသလားပေါ့။ ကိုဝေဠုကျော်တို့လည်း သွားတာ တွေ့နေတာပဲ။ သူတို့ တက်လာတဲ့ပုံတွေဆိုရင် ဘောလုံးတောင် ကန်စရာမရှိလို့ အမှိုက်ထုတ်တွေကို အကျႌနဲ့ လုံးထားတဲ့ဟာနဲ့ ကန်ရတာ။ လမ်းတံတားလည်း မရှိဘူးပေါ့။ ဒါကတော့ ဖွံ့ဖြိုးဖို့ လိုအပ်တဲ့အပိုင်းပေါ့။ ကျန်းမာရေးကလည်း အသေအပျောက်နှုန်းတွေ များနေတယ် ဆိုကတည်းက ဒါဟာ သူတို့ဘက်ကို ပေါက်ရောက်မှု နည်းတာပေါ့နော်။ အစ်မတို့ P H D ကျောင်းက အစ်မတစ်ယောက်ကလည်း စစ်ကိုင်းတိုင်းလွှတ်တော်အမတ်ဆိုတော့ သူ့ကို တစ်ချက်လှမ်းချိတ်ပါဦးမယ်။ အဲဒီဘက်ကကျန်းမာရေး ဘာတွေလိုအပ်နေသေးလဲပေါ့။ လိုအပ်တာတွေကို ဝိုင်းပြီး အလှူခံသင့်ရင် အလှူခံ၊ တိုင်းပြည်က ကျန်းမာရေးနဲ့ ပတ်သက်တဲ့သူတွေအာရုံစိုက်မှုရအောင်လည်း တစ်ဖက်တစ်လမ်းက ကူညီနိုင်ရင်လည်း ကူညီမယ်ပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Khin Thazin

ခင်သဇင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါတယ်။ အဲဒီနောက် သူမဟာ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အဆက်မပြတ် ပြုစုစောင့်ရှောက်ပေးနေသူ တစ်ဦးပါ။ ခင်သဇင်က အနုပညာအလုပ်လည်း လုပ်နေတာဖြစ်သလို ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း စီးပွားရေးပါရဂူဘွဲ့၊ ဒေါက်တာဘွဲ့ယူဖို့ ကြိုးစားနေသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က