အနုပညာရှင်ပေါင်း ၁၀ ယောက် ကျော်ပါဝင်ထားတာပါ။
Sabal Thwin

လူမင်း၊ ရန်အောင်၊ မင်းမော်ကွန်း၊ ရဲရင့်အောင်၊ ထူးအောင်၊ အိန္ဒြာကျော်ဇင်၊ ယဉ်လက်၊ ခင်လှိုင်၊ ကေညီ နဲ့ ဂျိုကာ တို့ရဲ့ ဟာသအလွဲလေးတွေကို မြင်ရဦးမယ့် ‘’ဂျင်ပါတီ’’ဇာတ်ကားရဲ့ အမှတ်တရတွေကို အနုပညာရှင်တွေက ပြောပြလာပါတယ်။

Photo: Gin Party

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ‘’ဂျင်ပါတီ’’ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပြသပွဲကိုတော့ သြဂုတ်လ ၁၈ ရက်နေ့ညက သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ လူလိမ်တစ်ယောက်ရဲ့ ကာရိုက်တာကို ပီပီပြင်ပြင်သရုပ်ဆောင် ထားတဲ့ လူမင်းကလည်း မီဒီယာတွေကနေတဆင့် အမှတ်တရ စကားတွေ ပြောပြလာပါတယ်။

‘’ အစ်ကိုကတော့ ထောင်ထွက် လူဆိုးပေါ့။ နောက်ပိုင်းကျတော့ ဟာသသရုပ်ဆောင်တစ်ယောက်ရဲ့ ဟာသကာရိုက်တာမျိုးပါပဲ။ လူလိမ်ကာရိုက်တာ ဆိုပေမယ့် ဟာသရသဘက်ကို သွားတာဆိုတော့ ပျော်စရာကောင်းပါတယ်။ အမှတ်တရတွေကတော့ ပျော်စရာ အများကြီးရှိခဲ့ကြတာပါပဲ’’ လို့ သူကဆိုပါတယ်။

Photo: Gin Party

နောက်ထပ်လည်း ကလိမ်ကကျစ် ကျတတ်လွန်းလို့ အစ်ကိုဖြစ်သူကတောင် မောင်းထုတ်ထားရတဲ့ ဟာသသရုပ်ဆောင် ခင်လှိုင်ကလည်း သူ့ရဲ့ အမှတ်တရတွေကို ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ဒီဇာတ်ကားထဲမှာ ဦးခင်လှိုင်က ကိုရန်အောင်ရဲ့ ညီအရင်းပေါ့။ အရမ်းဆိုးတယ်၊ ကလိမ်ကကျစ်ကျလို့ဆိုပြီးတော့ အစ်ကိုက အိမ်ပေါ်က နှင်ချထားတယ်ပေါ့။ အစ်ကို့ဆီက အမွေရဖို့အတွက် နည်းမျိုးစုံနဲ့ ကြံနေတဲ့ လူတစ်ယောက်ပေါ့။ မင်းမော်ကွန်း၊ ရဲရင့်အောင်နဲ့ ထူးအောင် တို့ရဲ့ ဦးလေး လုပ်ရတာပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: Gin Party

‘’ဂျင်ပါတီ’’ ဆိုတဲ့အတိုင်း ဖက်ရှင်အမိုက်စားတွေကို ဖန်တီးသွားမယ့် ဒီဇိုင်နာကတော့ ရန်အောင်ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ရဲ့ ‘’ဒီဇိုင်နာ မျိုးလင်းစိုး’’ဆိုတဲ့ နာမည်ကိုလည်း ပရိသတ်တွေက ထွေလာမှာကတည်းက စိတ်ဝင်တစားရှိခဲ့ကြတာပါ။

‘’ ဒီဇာတ်ကားထဲမှာ ကျွန်တော်က Professional ဒီဇိုင်နာတစ်ယောက်ရဲ့ ကာရိုက်တာကို သရုပ်ဆောင်ရတာပါခင်ဗျ။ နာမည်ကလည်း မြန်မာနိုင်ငံက နာမည်ကြီး ဒီဇိုင်နာတွေရဲ့ နာမည်ကို စုပြီးတော့ ကိုယ့်ကိုယ်ကိုယ် နာမည်ပေးထားတာပေါ့။ ထွေလာတုန်းကလည်းရယ်ရသလို ဇာတ်ကားတစ်ကားလုံးကလည်း အရမ်း ရယ်ရတယ်’’ လို့ သူကဆိုပါတယ်။

Photo: Gin Party

အဲဒီနောက် ဟာသကာရိုက်တာတွေနဲ့ မြင်ရလေ့မရှိသေးတဲ့ အဆိုတော် ရဲရင့်အောင်ကတော့ ‘’ဂျင်ပါတီ’’ဇာတ်ကားထဲမှာ တက်တူးဆရာအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ အလွဲတွေကလည်း တကယ်ကို ရယ်စရာဖြစ်ခဲ့ရပါသေးတယ်။

‘’ ကျွန်တော့်ကိုတော့ ဇာတ်ကားထဲမှာ ဟာသလုပ်ထားတာတွေ သိပ်မမြင်ဖူးကြဘူးထင်တယ်။ ကျွန်တော်က ဒီဇာတ်ကားထဲမှာ တက်တူးဆရာအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အမှတ်တရကတော့ အများကြီးပါပဲ။ ကျွန်တော်ရှုတင်ရောက်တိုင်း လည်ပင်းမှာ တက်တူးဆွဲရတယ်။ နေ့တိုင်းရှုတင်ရောက်ရင် တက်တူးထိုင်ဆွဲနေရတာ နာရီဝက်လောက်ကြာတယ်။ လက်မှာ စတစ်ကာကပ်ထားတဲ့ တက်တူးတွေ ပျက်သွားမှာလည်း စိုးရိမ်ရတယ်’’ လို့ သူကဆိုပါတယ်။

Photo: Gin Party

ဂျင်ပါတီ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ သြဂုတ်လ ၂၂ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ရာဇဝင်ကိုက ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် လူမင်း၊ ရန်အောင်၊ မင်းမော်ကွန်း၊ ရဲရင့်အောင်၊ ထူးအောင်၊ အိန္ဒြာကျော်ဇင်၊ ယဉ်လက်၊ ခင်လှိုင်၊ ကေညီ နဲ့ ဂျိုကာ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ‘’ဂျင်ပါတီ’’ဇာတ်ကားကိုတော့ ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။ 


ဆက်စပ်အကြောင်းအရာများ


က္က