မနက်ဖြန် သြဂုတ်လ(၁၃) ရက်နေ့မှာ ဦးမန်းဝင်းကွယ်လွန်တာ တစ်လပြည့်ပါပြီ။

ချမ်းသာမန်းဝင်းကတော့ ဖခင်ကွယ်လွန်တာ တစ်လပြည့်တဲ့နေ့မှာ ဦးမန်းဝင်း နာမည်ရေးထိုးထားတဲ့ အောက်ဆီဂျင်ဗူးများနဲ့ ဘုရားဆင်းတုတော် တစ်ဆူ လှူဒါန်းသွားမယ်လို့ သားဖြစ်သူ ချမ်းသာမန်းဝင်းက ဆိုပါတယ်။ 

Photo: Chan Thar Man Win



လူရွှင်တော်ကြီး ဦးမန်းဝင်း ကွယ်လွန်ခဲ့တာ သြဂုတ်လ(၁၃) ရက်နေ့ ဆိုရင် တစ်လပြည့်ပါပြီ။ သူ့အတွက် ရည်စူးပြီး မိသားစုဝင်များက အလှူအတန်းတွေ လုပ်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် လူမှုကူညီရေး စေတနာအသင်းကို ဦးမန်းဝင်း နာမည်နဲ့ အောက်ဆီဂျင်ဗူးတွေ လှူသွားမယ်လို့ မန်းဝင်းရဲ့ သားဖြစ်သူ ချမ်းသာမန်းဝင်းက Duwun ကနေ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောပြလာပါတယ်။  

“ အောက်ဆီဂျင်ဗူး လှူတယ်ဆိုတာကလည်း ကျွန်တော့်အဖေ နေမကောင်းဖြစ်နေတဲ့ အချိန်တုန်းက အောက်ဆီဂျင်ဗူးလေး ရှုပြီး သူ အသက်ဆက်ခဲ့ရတာလေ။ အဖေ့လိုမျိုးပဲ အောက်ဆီဂျင်ဗူး လိုအပ်တဲ့လူတွေ ရှိရင် အဖေ့နာမည်လေးနဲ့ လှူဒါန်းထားတဲ့ အောက်ဆီဂျင်ဗူးနဲ့ အသက်ပေါင်းများစွာကို ကယ်နိုင်ပါစေ၊ လူတစ်ယောက်ကို ကယ်လိုက်တာနဲ့ သူ့အတွက် ကောင်းမှုကုသိုလ်တွေ ရပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ လှူခဲ့တာပါ” လို့ သူကဆိုပါတယ်။ 

Photo: Chan Thar Man Win

ဦးမန်းဝင်းအတွက် ရည်စူးပြီး ဇနီးနဲ့ သားသမီးများဟာ ဇူလိုင်လ(၂၀) ရက်နေ့တုန်းက လူရွှင်တော် အောင်သော် ဦးဆောင်တဲ့ GMW လူမှုကယ်ဆယ်ရေး အသင်းသို့ အသက်ရှုစက်၊ ချွဲပျော်စက်၊ ဝှီးချဲ ၊ အောက်ဆီမီတာ တို့ကိုလည်း လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။ ပစ္စည်းတန်ဖိုး စုစုပေါင်း(၇)သိန်းကျော် တယ်လို့ ချမ်းသာမန်းဝင်းက ဆိုပါတယ်။ 

နောက်ထပ် အလှူ တစ်ခုအနေနဲ့ ဦးမန်းဝင်း ကွယ်လွန်တာ တစ်လပြည့်တဲ့ နေ့မှာပဲ ဦးမန်းဝင်းအတွက် ရည်စူးပြီး ဇိနမာရ်အောင် စေတီတော်ကြီးမှာ ဘုရားတစ်ဆူ လှူဖို့ စီစဉ်ထားတယ်လို့လည်း ချမ်းသာမန်းဝင်း က ပြောပါတယ်။ 

“ဘုရားကတော့ ကျွန်တော်တို့ အိမ်မှာ ပင့်ထားပြီးပါပြီ။ ကျောက်ဆင်းတုတော်ပါ။ တင်ပလိမ်ခွေထိုင် ဘုရားပေ့ါနော်။ ဘုရား ပလ္လင်နဲ့ တကွပင့်ထားတာပါ။ သြဂုတ်လ(၁၃) ရက်နေ့ မနက်ပိုင်းမှာ ဘုရားအနေကဇာတင်ပြီးရင် ညနေလောက်မှာ ကျွန်တော်တို့ အိမ်နားမှာရှိတဲ့ ဇိနမာရ်အောင် စေတီတော်က သောကြာထောင့်၊ မြောက်ဘက်မုဒ် မှာ တည်ထားကိုးကွယ်မှာပါ” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Chan Thar Man Win

လူရွှင်တော်ကြီး မန်းဝင်းဟာ ဆီးချိုသွေးချိုရောဂါကြောင့် အမြင်အာရုံချို့တဲ့သွားပြီး ကျောက်ကပ် မကောင်းတော့တဲ့အတွက်လည်း ကျောက်ကပ်အမြဲဆေးခဲ့ရပါတယ်။ အဲဒီအပြင် ဖေဖော်ဝါရီလ အတွင်းကလည်း သတိလစ်မေ့မြောကာအရေးပေါ် အခြေအနေကြောင့် အသက်လုခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ပါသေးတယ်။အဲဒီနောက် ဇူလိုင်လ (၁၃) ရက်နေ့ မနက် (၆) နာရီခွဲ ကပင်လုံဆေးရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ဈာပနကိုတော့ ဇူလိုင်(၁၅) ရက်နေ့က ကျီစုသုဿာန်မှာ ပြုလုပ်ခဲ့တာပါ။ ဇူလိုင်(၁၉) ရက်နေ့မှာတော့ သံဃာတော်များ ပင့်ဆောင်ပြီး ဦးမန်းဝင်းအတွက် ရည်စူးကာ ရက်လည်ဆွမ်းကျွေး တရားနာခဲ့ကြတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က