လေးစားမှု၊ ကြိုးစားမှု တွေရှိရတယ်။

ထက်ထက်မိုးဦးက အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုရဖို့အတွက် ဘယ်လို အရာတွေက အဓိက ကျတယ်ဆိုတာကို ပြောပြလာပါတယ်။ သူမကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာတိုင်တဲ့အထိ အောင်မြင်နေတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။

Photo: Htet Htet Moe Oo



ထက်ထက်မိုးဦးဟာ လက်ရှိ အနုပညာလောကမှာ အောင်မြင်မှုတွေရှိနေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ နာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ဆိုတာ လွယ်တဲ့အရာမဟုတ်ဘူးလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

" အစ်မကတော့ ပုံမှန်ပဲ အရိုးရှင်းဆုံးနဲ့ အပွင့်လင်းဆုံးနေတတ်တယ်။ အဓိက ကတော့ အလုပ်လုပ်တဲ့နေရာမှာ စေတနာထားဖို့ရယ်၊ နှစ်အကြာကြီး တည်တံ့ဖို့ရာအတွက် အလုပ်ကို လေးစားရမယ်၊ စေတနာထားရမယ်။ ဘာပဲဖြစ်ဖြစ် အမြဲတမ်း ဝီရိယ ရှိနေရမယ်၊ ကြိုးစားရမယ်ပေါ့နော်။ တကယ်တမ်း နာမည်ကြီးဖို့အတွက် လွယ်တယ်လု့ိပြောကြပေမယ့် မလွယ်ပါဘူး။" ဆိုပြီးတော့ နိုဝင်ဘာလ ၃၀ ရက်နေ့က "မာယာရထားမောင်းတဲ့ မိန်းမ" ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Aroma

အနုပညာအလုပ်ကို ဝါသနာပါဖို့ထက် ကြိုးစားဖို့လည်း လိုတယ်လို့ ထက်ထက်မိုးဦးက ပြောပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားတတ်ဖို့ကတော့ အဓိက အရေးကြီးတယ်လို့ ဆိုပါတယ်။

" နာမည်ကြီးဖို့အတွက်က အမျိုးစုံရှိရမယ်။ စန်းလည်းရှိရမယ်၊ လေးစားမှုလည်းရှိရမယ်၊ အားထုတ်မှုလည်းရှိရမယ်။ ဒီအသိုင်းအဝိုင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် Respect ရှိရမယ်။ တချို့က မရှိကြဘူး၊ တချို့က ရှိတယ်။ ဒါပေမယ့် နှစ်တွေ ကြာလာတဲ့အချိန်မှာတော့ လူတစ်ယောက်အတွက် အဖြေတစ်ခု၊ နာမည်တစ်ခုက ထွက်လာတာပဲလေ" လို့ သူကဆိုပါတယ်။

Photo: Htet Htet Moe Oo

ထက်ထက်မိုးဦးဟာ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးတဲ့ "မာယာရထားမောင်းတဲ့မိန်းမ" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်ဖြစ်တဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။

"အဓိက ကတော့ ဇာတ်လမ်းတစ်ပုဒ်မှာ ကိုယ်လုပ်ခွင့်ရချင်တာပေါ့နော်။ အနုပညာသမား အားလုံးက ပိုက်ဆံရတာထက်ပိုပြီးတော့ ဒီလိုအချိန်၊ ဒီလိုအရွယ်မှာ ကိုယ်လုပ်ရမယ့် ဇာတ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ကောင်းမွန်မယ့်အရာလေးကိုပဲ မျှော်လင့်ကြတာပေါ့နော်။ ဒီဇာတ်ကားလေးကလည်း အစ်မအတွက် အရမ်းကောင်းတဲ့ ဇာတ်ကားလေးဖြစ်လို့ လက်ခံလိုက်တာပါ"လို့ ဆိုပါတယ်။

Photo: Htet Htet Moe Oo

ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က