ပြတိုက်ဗဟိုကော်မတီ ဥက္ကဌ ဦးနှင်းမိုးက ပြောပါတယ်။

ရုပ်ရှင်သမိုင်းပြတိုက်ရဲ့ အဓိက ဇာတ်ဆောင်အနုပညာရှင်တွေ ထားတဲ့ ဘုတ်မှာ နာမည်နဲ့ ဓာတ်ပုံ ကျန်ခဲ့ သူတွေကို သေချာ စိစစ်သွားမယ်လို့ ပြတိုက်ဗဟိုကော်မတီ ဥက္ကဌ ဦးနှင်းမိုးက ပြောပါတယ်။ 

Photo: U Hnin Moe



ရုပ်ရှင်သမိုင်းပြတိုက်မှာ အနုပညာရှင်များစွာရဲ့ ဓာတ်ပုံကို ဘုတ်နဲ့ ပြသထားပေမယ့် နာမည်မပါခဲ့တဲ့ အနုပညာရှင်တွေလည်း ရှိနေပါတယ်။ ဒီလို နာမည်ကျန်ခဲ့သူတွေအတွက် နောက်ထပ် စီစဉ်နေတယ်လို့ ရုပ်ရှင်သမိုင်းပြတိုက် ဥက္ကဌဖြစ်သူ ဦးနှင်းမိုးက Duwun ကနေ အခုလို ပြောပြလာပါတယ်။  

“ ဘဘတို့က ဒီဘုတ်လုပ်တဲ့ အခါမှာ လူပေါင်းမြောက်မြားစွာနဲ့လုပ်ရတာဆိုတော့ တစ်ယောက်ချင်းစီကို လိုက်စဉ်းစားလို့မရဘူး။ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းပြီးတော့ ဘယ်သူပါသင့်တယ်၊ ဘယ်သူ မပါသင့်ဘူးဆိုတာတွေကို ဆွဲထုတ်ရတာလေ။ အဲဒီတော့ ကျန်တဲ့သူကတော့ ကျန်မှာပဲ။ အစကတည်း ကလည်း ကျန်ခဲ့တဲ့သူတွေကို နောက်ထပ် ထပ်ပြီးတော့ လုပ်ပေးဖို့ရှိပါတယ်။ ရာပြည့်ဆိုတော့ လာသမျှ နောက်ဆက်တွဲတွေ အကုန်ထည့်ပေးရမှာလေ။ ဒါကြောင့် ကျန်ခဲ့တဲ့သူတွေအတွက် ဘုတ်ထပ်လုပ်နေပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Nay Htoo Naing

အခုလို ဘုတ်နဲ့ ထောင်ပြထားတဲ့ အနုပညာရှင်တွေကတော့ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးတဲ့သူ မဟုတ်ပဲ ရုပ်ရှင်ကားကြီးတွေသာ ရိုက်တဲ့ အဓိက သရုပ်ဆောင်တွေကို ပြသထားတာ ဖြစ်တယ်လို့ ဦးနှင်းမိုးက ဆိုပါတယ်။ 

“ ဘုတ်ပေါ်မှာတင်တဲ့ ပုံတွေကတော့ အဓိက ဇာတ်ဆောင်တွေဖြစ်ရမယ်။ ဇာတ်ပို့ ဇာတ်ရံတွေတော့ မပါဘူး။ ရုပ်ရှင်ကားကြီးရိုက်တဲ့သူပေါ့။ ဗီဒီယိုတွေရိုက်တာ မပါဘူး။ ဒါကြောင့် နောက်ထပ် ကျန်ခဲ့တဲ့သူတွေက နောက်ထပ် လုပ်မယ့် ဘုတ်မှာ ပါလာပါမယ်လို့တော့ အသိပေးချင်ပါတယ်။ ကျန်ခဲ့တဲ့ သူတွေကိုလည်း စာရင်းတွေ ထပ်လုပ်နေပါတယ်။ ဒီကိစ္စဟာ အစည်းအရုံးနဲ့တော့ မဆိုင်ဘူး ဆပ်ကော်မတီဖွဲ့ထားတာ ဖြစ်တဲ့အတွက် သူတို့တွေနဲ့ပဲ ဆိုင်တယ်။ ရွေးတာ၊ ထည့်တာတွေကလည်း ကော်မတီတွေနဲ့ပဲဆိုင်တာပါ” လို့ ဆက်လက် ပြောပြထားပါတယ်။ 

Photo: U Hnin Moe

ရုပ်ရှင်သမိုင်းပြတိုက်အတွင်းမှာတော့ အနုပညာရှင်များရဲ့ ဓာတ်ပုံတွေ၊ အကယ်ဒမီ ဆုတွေကို အမှတ်တရအနေနဲ့ သိမ်းဆည်းထားတာ တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ အတွင်းမှာ ရုပ်ရှင် နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်ရှိတာကြောင့် အခုလို ပြင်ဆင်ထားရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ရှပ်ရှင်ဟာ ၁၉၂၀ ပြည့်နှစ်မှာ စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းမှာ နှစ်(၁၀၀)တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ဒါကြောင့် ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူများနဲ့ အနုပညာ‌လောကသားတွေအားလုံး စုပေါင်းပြီး နှစ်(၁၀၀) ပြည့်အမှတ်တရအဖြစ် ပွဲတော်ကျင်းပဖို့လည်း စီစဉ်ထားသလို နှစ်(၁၀၀) ပြည့်နှစ်အတွက် ဇာတ်လမ်းတို ရိုက်ကူးမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရုပ်ရှင်သမိုင်းပြတိုက် နဲ့ ပတ်သက်ပြီး လက်ရှိမှာတော့ ဦးနှင်းမိုးဟာ ပြတိုက်ဗဟိုကော်မတီ ဥက္ကဌ တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။ ပြတိုက်အတွင်းမှာရှိတဲ့ အခန်းတွေမှာတော့ သူဟာ ရာပြည့်အခန်း အတွက်တာဝန်ယူထားရတာဖြစ်ပြီး ငွေရတု အခန်းမှာတော့ ဦးဇော်မြင့်ဦး၊ ရွှေရတု အခန်းမှာတော့ အောင်မြင့်မြတ်၊ စိန်ရတုအခန်းမှာတော့ ဦးကြည်စိုးထွန်း နှင့် စက်မှုအခန်းမှာတော့ ဦးကျော်ညွှန့် တို့က တာဝန်အသီးသီးယူထားကြတယ်လို့လည်း သိရပါတယ်။ 

ဦးနှင်းမိုးကတော့ အဖြူအမဲ ရုပ်ရှင်ခေတ်ကတည်းက သရုပ်ဆောင်၊ ဒါရိုက်တာ အလုပ်ကို လုပ်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကြီးရဲ့ နာယက တစ်ဦး အနေနဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီနောက် ဦးနှင်းမိုးဟာ အကယ်ဒမီအကဲဖြတ် အဖွဲ့ ဥက္ကဌဟောင်း တစ်ဦးဆိုရင်လည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က