သီချင်းအသစ်လေးနဲ့အတူ နာမည်ပြောင်းလိုက်ပါပြီ။
Sabal Thwin

မောင်မောင်ဖိုးပြည့် က သူနဲ့ နာမည်တူအဆိုတော်တစ်ယောက်ရှိတာကြောင့် နာမည်ပြောင်းပြီလို့ ပြောပါတယ်။ သူ့ရဲ့ နာမည်အသစ်လေးနဲ့ အတူ သီချင်းအသစ်ကိုလည်း ပရိသတ်တွေဆီ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

Photo: A Linn Young

‘’မင်းသားကြီး’’ဆိုတဲ့ တေးသီချင်းနဲ့ ပရိသတ်ကြားမှာရေပန်းစားခဲ့တဲ့ အဆိုတော် ဖိုးပြည့်က နာမည်တူ အဆိုတော် တစ်ယောက်ရှိတဲ့အတွက် သူ့ရဲ့ နာမည်ကို ပြောင်းမယ်လို့ဆိုပါတယ်။ ‘’ကိုယ်စောင့်နတ်’’သီချင်း သီဆိုခဲ့တဲ့ ဖိုးပြည့်နဲ့ ‘’မင်းသားကြီး’’သီချင်းဆိုတဲ့ ဖိုးပြည့်ကို ပရိသတ်တွေက မခွဲတတ်သေးဘူူးလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’နာမည်ကတော့ ပြီးခဲ့တဲ့ နှစ် မင်းသားကြီး အခွေ ထွက်ပြီးကတည်းက နာမည်တူတဲ့ Case လေး တစ်ခု တက်သွားတယ်ပေါ့နော်။ နောက်ပိုင်းကျရင်တော့ ပရိသတ်တွေက သီချင်းဆိုတဲ့ ပုံစံလည်း မတူ၊ Type လည်း မတူကြတော့ နောက်ဆို နာမည်ကွဲသွားမှာပဲလေ ဆိုပြီးတော့ မျှော်လင့်ခဲ့တယ်။ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး။ ကိုယ်စောင့်နတ် သီချင်းကိုလည်း ကျွန်တော်ဆိုတယ်လို့ထင်ကြတဲ့သူတွေက ပရိသတ်တွေရော၊ အနုပညာလောကထဲမှာရော ရှိနေသေးတဲ့အတွက် နာမည်ပြောင်းခဲ့တာပါ။’’လို့ သူကဆိုပါတယ်။

အဲဒီနောက် သူ့ရဲ့ နာမည်အသစ်ကိုတော့ ‘’မောင်မောင်ဖိုးပြည့်’’လို့ နာမည်မှည့်ခဲ့တယ်လို့ သိရပါတယ်။ ဒါကလည်း သစ်တံခါးဆရာတော်ကြီးကိုယ်တိုင် ပေးခဲ့တဲ့ နာမည်ဖြစ်လို့ လေးစား တန်ဖိုးထားမိတယ်လို့ ဆိုပါတယ်။

‘’ ဒီတစ်နှစ်အတွင်းမှာပွဲတွေလည်းဆိုဖြစ်နေတော့ ကျွန်တော့်နာမည် ဖိုးပြည့်ဆိုတဲ့နောက်မှာ မင်းသားကြီးဆိုပြီးတော့ တပ်ခဲ့တယ်။ ဒါပေမယ့် အဲဒါက ရေရှည်အတွက်ကျတော့ အဆင်မပြေဖြစ်ရတယ်။ အဲဒီမှာ သစ်တံခါးဆရာတော်ဘုရားကြီးက ‘မောင်မောင်ဖိုးပြည့်’ဆိုတဲ့ နာမည်ကို မိန့်ပေးတဲ့အတွက် နာမည်ပြောင်းဖြစ်ခဲ့တာပါ’’လို့ ပြောခဲ့ပါတယ်။

Photo: Mg Mg Phoe Pyae

‘’မောင်မောင်ဖိုးပြည့်’’ဆိုတဲ့ နာမည်နဲ့အတူ ‘’ကံကောင်းပါစေ’’ဆိုတဲ့ သီချင်းအသစ်လေးလည်း ထွက်ဦးမယ်လို့ ဆိုပါတယ်။ နာမည်အသစ်လေးနဲ့အတူ သီချင်းအသစ်လေးကလည်း အမှတ်တရများစွာ ရှိလာဦးမယ်လို့ သိရပါတယ်။

‘’ အခုဆိုရင် နာမည်အသစ် ပြောင်းပြီးသွားတဲ့အချိန်မှာ သီချင်းအသစ်လည်း ထွက်ချင်တဲ့စိတ်နဲ့ သီချင်း ၃ ပုဒ်ရေးဖြစ်တယ်။ အဲဒီမှာမှ ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးဖြစ်တဲ့ ‘’ကံကောင်းပါစေ’’ ဆိုတဲ့ သီချင်းလေးနဲ့ အတူ နာမည်ကိုလည်း ပြောင်းဖြစ်ခဲ့တာပါ။ နာမည်အသစ်လေးပြောင်းတဲ့ အမှတ်တရမှာ ကိုယ်တိုင်လေး သီချင်းလေးနဲ့ အစပျိုးမယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Mg Mg Phoe Pyae

မောင်မောင် ဖိုးပြည့်ကိုတော့ ပတ္တမြား FM က အစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။ သူဟာ ဂီတကို အရမ်းဝါသနာပါလွန်းသူဖြစ်တာကြောင့် တစ်ကိုယ်တော် သီချင်းအခွေလည်း ထွက်ရှိထားတဲ့သူပါ။ မောင်မောင်ဖိုးပြည့်ဟာ ၂၀၁၇ ခုနှစ်က ‘’အိပ်မက်လှလှမက်ပါစေ’’ဆိုတဲ့ သီချင်းတစ်ပုဒ် ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှာ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’မင်းသားကြီး” အခွေကို ထပ်မံထွက်ရှိခဲ့ပါတယ်။ အခုနောက်ဆုံးအနေနဲ့ကတော့ ‘’ကံကောင်းပါစေ’’ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်အရှေ့ကို ရောက်ရှိလာခဲ့ပြန်ပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က