နိုဝင်ဘာလ ၂၈ ရက်နေ့ဆိုရင် ရုံတင်ပါပြီ။

“ဆန္ဒဖော်ထုတ်မယ်”ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ရွှေမှုံရတီကို ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)က ယောကျ်ားလေးအသွင် ဖန်တီးခဲ့တဲ့အကြောင်းပြောပြလာပါတယ်။ မိန်းမလျာစစ်စစ် တစ်ယောက်ကာရိုက်တာနဲ့ ဇေယျကလည်း သူ့ကို ယောကျ်ားလေးလို့တောင် မမြင်ကြလောက်တော့ဘူးလို့ဆိုပါတယ်။

“ဆန္ဒဖော်ထုတ်မယ်” ရုပ်ရှင်ဇာတ်ကားကြီးအထူးပြပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့မနက်က သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ရွှေမှုံရတီကို ယောကျ်ားလေး ပုံစံနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ ယောကျ်ားလေးတစ်ယောက်ဖြစ်အောင် ပြင်ဆင်ခဲ့ရတဲ့ အမှတ်တရတွေကိုလည်း မီဒီယာ အင်တာဗျူးတွေကနေဖြေဆိုခဲ့ပါတယ်။



“ အဓိက ကတော့ ဆံပင်နဲ့ အဝတ်အစားပိုင်းပေါ့နော်။ ဦးမိုးဦးဖြစ်စေချင်တဲ့ အတိုင်း ကြိုးစားဖြစ်တယ်။ မိတ်ကပ်လည်း မလိမ်းဘူး။ ကိုယ်က ယောကျ်ားလေးနဲ့ပိုတူတော့ ယောကျ်ားလေးကာရိုက်တာ သရုပ်ဆောင်ရတယ် ထင်ပါတယ်။ သဲက လမ်းလျှောက်ရင်လည်း ကားတားတားနဲ့ ဒီကာရိုက်တာက သဲအတွက် ပိုအဆင်ပြေတယ်။ ပဲများနေစရာမလိုဘူး” လို့ဆိုပါတယ်။

ရွှေမှုံရတီ မင်းသမီးစဖြစ်ပြီး သိပ်မကြာခင်မှာ “ဆန္ဒဖော်ထုတ်မယ်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တာပါတဲ့။ ယောကျ်ားလေးတစ်ယောက်လို နေထိုင်တတ်တဲ့သူဖြစ်တာကြောင့်လည်း ဒီကာရိုက်တာကို ရွေးချယ်ခဲ့တာလို့ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) က ပြောပြခဲ့ပါတယ်။

“ သူက အပြင်မှာလည်း ယောကျ်ားလေးပုံစံနဲ့ အပြင်မှာလည်း မိန်းကလေးတွေကိုတွေ့ရင် လိုက်ပြီးတော့ ဖက်လိုက်၊ တွယ်လိုက် ဟိုဆိတ်၊ ဒီဆိတ်နဲ့ အဲဒါ သူ့အကွက်ပဲ။ ယောကျ်ားလေးပိုဆန်တယ်” ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ပြောပြလာပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ အချစ်၊ဟာသ၊ဒရာမာ ရုပ်ရှင်ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။

“ဆန္ဒဖော်ထုတ်မယ်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇေယျကိုတော့ မိန်းမလျာစစ်စစ်တစ်ယောက်အဖြစ် မြင်တွေ့ရမှာပါ။ ရွှေမှုံရတီရဲ့အစ်ကိုအဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါ။ အဲဒီနောက် ပြေတီဦးကို တစ်ဖက်သတ် ချစ်ကြိုက်နေတဲ့ မိန်းမလျာတစ်ယောက်အဖြစ် သရုပ်ဖော်ထားတာ တွေ့ရပါတယ်။

“ ရိုက်ကွင်းပေါ်မှာဆိုလည်း ကိုပြေတီက အရမ်းနောက်တတ်တာ။ ကိုယ့်ကို တွေ့တာနဲ့သူက ရရ ဆိုတာပဲခေါ်တယ်။ ကျွန်တော့်ကိုကြည့်ပြီး ငါတော့ ပြစ်မှားချင်လာပြီဆိုပြီးတော့ စတာ။ အဲဒီအခါကျရင် ဟာ အစ်ကို ..ကျွန်တော် ယောကျ်ားလေးနော်လို့ပြောရတယ်။ ဦးအောင်ခိုင်နဲ့တွေ့ရင်လည်း ဟာ..မင်းကွာ..ဆိုတာချည်းပဲ။ ရွှေမှုံရတီကလည်း ကျွန်တော့်ကို ယောကျ်ားလေးလို့ မမြင်တော့ဘူး လုံးဝ မိန်းကလေး ပုံစံပဲ မြင်သွားတော့တာ” လို့ သူကပြောပါတယ်။

“ဆန္ဒဖော်ထုတ်မယ်” ရုပ်ရှင်ဇာတ်ကားကြီးကို လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာဖြစ်ပြီး ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ပြေတီဦး၊ ဇေယျ နဲ့ ရွှေမှုံရတီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ “ဆန္ဒဖော်ထုတ်မယ်” ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလ ၂၈ ရက်နေ့ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က