နစ်နာကြေး တောင်းခဲ့တာမရှိဘူးလို့ ဆိုပါတယ်။

သရုပ်ဆောင် သံစဉ်မောင်ဟာ ရည်းစားဟောင်းဖြစ်သူ သရုပ်ဆောင် နေဒွေးအား တရားစွဲဆိုထားတဲ့ အမှုကို ဒီနေ့ (ဇွန်လ၂၃ရက်)မှာပိတ်သိမ်းပေးလိုက်ပြီ ဖြစ်ပါတယ်။

သံစဥ်မောင်က ရည်းစားဟောင်းဖြစ်သူ သရုပ်ဆောင် နေဒွေးကို ကိုယ်ထိလက်ရောင်ကျူးလွန်မှု ပုဒ်မ(၃၂၃)၊ ၆၆(ဃ)တို့နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့(ဇွန်လ၂၃ရက်)ရုံးချိန်းမှာတော့ သူမစွဲဆိုထားတဲ့ အမှုကို ပိတ်သိမ်းပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။



 “ ညီမက ဆရာဂျွန့် မျက်နှာနဲ့ မို့လို့ အမှုပိတ်ပေးလိုက်တာပါ။ ညီမတို့ ဘဝအတွက် တိုးတက်ဖို့ အလုပ်တွေ အများကြီးရှိသေးတယ်။ ဆရာဂျွန်ကရော၊ မိဘနှစ်ပါးစလုံးကလည်း ဒီအမှုကို မြန်မြန်ပြီးတော့ မြန်မြန် ကောင်းသွားတာပေါ့ဆိုလို့ပါ။ အရှင်းဆုံးပြောရရင် သူက ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန်တဲ့လူတော့ မဟုတ်ဘူး။ ညီမက ငြိမ်းချမ်းခြင်းနဲ့ ထိုက်တန်လို့ပါ။ ညီမ ဘယ်လောက်အထိ စိတ်ပင်ပန်းခဲ့ရတယ်ဆိုတာ ညီမကိုယ်တိုင်သိတယ်။ အမှန်တရားဆိုတာ တစ်ချိန်ချိန်မှာ ပေါ်လာမှာပါ။ တကယ်လို့သာ သူမှန်တယ်ဆိုရင် တရားရုံးအထိ ရောက်လာစရာ အကြောင်းမရှိပါဘူး။ အခု မြန်မြန်ပြီးသွားတော့လည်း ညီမအတွက် ထပ်ပြီးတော့ စိတ်ပင်ပန်းစရာ၊ အရှက်ကွဲစရာတွေ မရှိတော့ဘူးပေါ့နော်” လို့ ဆိုပါတယ်။ 

သံစဉ်မောင်ဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့က စပြီး နေဒွေးကို တရားစွဲဆိုခဲ့တာပါ။အခုဆိုရင်တော့ အမှုဟာ (၄) လကြာခဲ့တာ ဖြစ်ပြီး အခုလို အမှုပိတ်လိုက်တဲ့အပေါ်မှာလည်း သူမဘက်က နစ်နာကြေး တောင်းဆိုထားခြင်းမရှိဘူးပါဘူးလို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။

“ အမှုပိတ်လိုက်တဲ့အပေါ်မှာလည်း နစ်နာကြေးတောင်းခံတာမျိုးတွေ မလုပ်ပါဘူး။ ညီမအတွက်က နစ်နာကြေးမလိုပါဘူး။ အစောကြီးကတည်းက နစ်နာခဲ့ပြီးသားပါ။ ဒီလောက်နဲ့ ကိစ္စပြီးသွားတာက တရားနဲ့ ဖြည့်တွေးရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် ညီမရင်ထဲက ဒဏ်ရာတွေကတော့ မကျက်ဘူး။ ဒါကတော့ ဘဝရဲ့ အကြီးမားဆုံး သင်ခန်းစာပါပဲ။ အခုလို ဖြစ်တာကလည်း ကံအကျိုးပေးတယ်လို့ပဲ သဘောထားပါတယ်” ဆိုပြီးတော့ ဇွန်လ (၂၃) ရက်နေ့ ရုံးချိန်းမှာ ဖြေဆိုခဲ့တာပါ။ 

တရားစွဲဆိုခံထားရတဲ့ နေဒွေးအနေနဲ့ကလည်း ဒီနေ့ ဇွန်လ(၂၃) ရက်နေ့ ရုံးချိန်းကို ပထမဆုံးအကြိမ် တက်ရောက်လာခဲ့ပြီးရည်းစားဟောင်းဖြစ်သူ သံစဉ်မောင် ဘက်က အမှု ပိတ်ပေးခဲ့တဲ့အပေါ်မှာလည်း သူ့ရဲ့ သဘောထားကို အခုလို ပြောပြခဲ့ပါတယ်။

 “ အမှုပိတ်ဖို့အတွက် နားလည်မှု ယူလိုက်ရတာတွေ မရှိပါဘူး။ အဓိက ကတော့ ကိုဂျွန်က ကျွန်တော်တို့ကို ခေါ်ဆုံးမတယ်။ ကိုယ်တွေက လူငယ်တွေဆိုတော့ ဒီလိုပဲ ရှေ့ဆက်တိုးနေရမှာပဲလေ။ ကိုယ်ဂျွန်ကလည်း ဒုတိယ မိဘလိုဖြစ်နေတော့ သူ့စကား နားထောင်လိုက်တာပါ။ ကျွန်တော် တောင်းပန်တယ်ဆိုတာကလည်း ကိုဂျွန်က ပြောတယ် ယောင်္ကျားလေးနဲ့ မိန်းကလေးဆိုတာက ဘယ်လိုပဲ ဖြစ်ဖြစ် သူကျေနပ်အောင် စကားလေး နည်းနည်းပြောပြီး တောင်းပန်လိုက်ပါ ဆိုလို့။ ကျွန်တော်တို့ အွန်လိုင်းမှာ စဖြစ်ကြတုန်းက သူ့ကို တချို့ဟာတွေပြောခဲ့တာ ရှိတယ်၊ ပေါ်ပင်လုပ်တာ ဘာညာပေါ့။ ဒါကို ကိုဂျွန်က မကောင်းဘူးဆိုတာနဲ့ ဒီကိစ္စအတွက်ပဲ တောင်းပန်တာပါ။ ကျန်တာ မပါဘူး။ ငွေရေး၊ ကြေးရေး ညှိနှိုင်းလိုက်ကြတာမရှိပါဘူး” လို့ ဆိုပါတယ်။ 

သံစဉ်မောင်ဟာ သရုပ်ဆောင် နေဒွေးနဲ့ ချစ်သူသက်တမ်း ၃ နှစ်အကြာ လက်တွဲလာခဲ့တာဖြစ်ပါတယ်။ ၃ နှစ်အတွင်းမှာလည်း နေဒွေးက ရန်ဖြစ်ကြတဲ့အချိန်တွေဆို သူမကို ရိုက်နှက် နှိပ်စက်လေ့ရှိတယ်လို့ ဆိုပါတယ်။ နေဒွေး နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကိုလည်း ဓာတ်ပုံနဲ့တကွဇန်နဝါရီလ ၁၅ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ပရိသတ်တွေ သိအောင် ပြောပြခဲ့ပါတယ်။ ဒီနေ့မှာတော့ သူတို့နှစ်ဦးရဲ့ အမှုဟာ လုံးဝပြီးဆုံးသွားခဲ့ပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က