ခေတ်နဲ့ သစ်လေးလို ချစ်စရာကောင်းတဲ့ ကလေးလေးတွေ လိုချင်တယ်။

နေခြည်ဦးကတော့ အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ မိသားစုဘဝလေးကို အားကျမိတဲ့အတွက် သူမကိုယ်တိုင်လည်း ဒီလိုမိသားစုဘဝလေးကို ပိုင်ဆိုင်ချင်တဲ့အကြောင်း ပြောပြလာပါတယ်။ 

နေခြည်ဦးကတော့ အသက် ၃၀ အရွယ်မှာ ချစ်ဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့လို ကလေးလေးတွေ လိုချင်တယ်လို့ Duwun Media အင်တာဗျူးထဲမှာဖြေဆိုခဲ့ပါတယ်။



“ နေခြည်လည်း အသက်အရွယ်တစ်ခုရောက်ရင် အသက် ၃၀ ရောက်ရင်ပေါ့နော်။ အဲဒီအခါကျရင် ခေတ်နဲ့ သစ် တို့ကို ပိုင်ဆိုင်ထားတဲ့ မချစ်သုဝေတို့လို မိသားစုလေးတစ်ခု လိုချင်ပါတယ်။ ကိုယ်မွေးလာမယ့် ကလေးလေးတွေကိုလည်း ခေတ်နဲ့ သစ်တို့လို ချစ်စရာကောင်းတာလေးတွေဖြစ်စေချင်တာပေါ့နော်။ ဒါပေမယ့် ကိုယ့်ရုပ်က ပြင်ထားလို့ချောတာဆိုတော့ သိပ်ပြီးတော့ မမှန်းရဲဘူး။ ချစ်ဖို့ကောင်းမယ်လို့တော့ ထင်တာပဲ သားလေးလိုချင်တယ်၊ သမီးလေး လိုချင်တယ်ဆိုပြီးတော့ တွေးထားတာမျိုးမရှိဘူး” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ခေတ်သစ်ဖောင်ဒေးရှင်း ၁ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

နေခြည်ဦးဟာ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေ တို့ မိသားစုကို အားကျမိတယ်လို့ ဆိုပါတယ်။ ခေတ် နဲ့ သစ်တို့ နှစ်ယောက်ကိုလည်း အရမ်းချစ်မိသွားတယ်လို့ သူက ပြောပါတယ်။ 

“ကိုလင်းလင်းနဲ့ မချစ်သုဝေ ၊ ခေတ်လေး၊ သစ်လေးတို့ကို တွေ့လိုက်ရတဲ့အချိန်မှာ တကယ်ကို သားသမီးလေးတွေ လိုချင်တယ်။ ကိုယ့်ရဲ့ အတ္တစိတ်တွေပျောက်သွားတယ်။ နေခြည့်ရဲ့ အတ္တကို နေခြည့် အဖေနဲ့ အမေတောင် မချိုးနိုင်ဘူး။ ဒါပေမယ့် ဒီ ကလေးလေးတွေကို မြင်လိုက်ရတဲ့အချိန်မှာ ဪ.. သားသမီးရတနာဆိုတာ ဒါပါလားပေါ့။ မိသားစုဘဝဆိုတာ ပြောသလောက်လည်း မလွယ်သလို ပြောသလောက်လည်း မခက်ပါလားလို့ နေခြည် တွေးမိတယ်” လို့ ဆိုပါတယ်။ 

သူမကိုယ်တိုင်ကလည်း မိသားစုကို အရမ်းချစ်တတ်တဲ့ ယောင်္ကျားမျိုးကိုသာ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သွားမယ်လို့ နေခြည်ဦးက ပြောပါတယ်။ 

“ နေခြည်ယူမယ့် ခင်ပွန်းလောင်းက မိသားစုကို အရမ်းချစ်တတ်တဲ့ ယောင်္ကျားမျိုးဖြစ်ရမယ်။ အရင်တုန်းကတည်းက သူ့မိသားစုကို ချစ်တတ်တဲ့ ယောင်္ကျားမျိုးဖြစ်မှ နေခြည်နဲ့ မိသားစုဘဝတစ်ခုကို တည်ထောင်တဲ့အခါ မွေးလာမယ့် သားသမီးလေးတွေကိုလည်း သူချစ်နိုင်မှာလေ။ နေခြည့် အဖေက နေခြည်တို့အပေါ် ချစ်တဲ့အချစ်ကို သိတဲ့အတွက် မိသားစုကို ချစ်တဲ့ယောင်္ကျား၊ အဖေလို စိတ်ဓာတ်မျိုးရှိတဲ့ ယောင်္ကျားမျိုးကို လိုချင်ပါတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

နေခြည်ဦးဟာ Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေ များစွာ ပိုင်ဆိုင်ထားနိုင်တဲ့ အသက်(၂၈)နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။ သူမပါဝင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က