သူမအတွက် ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

ဝိုင်းလေးကို “အိပ်မက်ကာရန်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နေတိုး၊ လွှမ်းပိုင်၊ နီနီခင်ဇော်တို့နဲ့ အတူတွဲဖက်ပြီး သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။  

အဆိုတော် ဝိုင်းလေးကတော့ “အိပ်မက် ကာရန်”ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ သူမအတွက်ကတော့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တာကြောင့် စိန်ခေါ်မှု တစ်ခု တိုးလာပြီဆိုတာကို Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ အိပ်မက် ကာရန် ရုပ်ရှင်ဇာတ်ကားထဲမှာ ဝိုင်းလေး အတွက် ကာရိုက်တာအသစ် တစ်ခုကို ထပ်မံ မွေးဖွားခွင့်ရလိုက်တာပေါ့။ ကာရိုက်တာဝင်အောင် ကြိုးစားနေပေမယ့် ပထမဆုံး ဇာတ်ကားဖြစ်တော့ စပြီး လေ့ကျင့်တဲ့အချိန်မှာ အရမ်းရှက်တယ်။ ပြီးတော့ ကိုယ့်ထက် စီနီယာကျတဲ့ အစ်ကိုတွေ အစ်မတွေရှေ့မှာ သရုပ်ဆောင်ရတာ ဆိုတော့ ပိုရှက်တယ်။ ဒါပေမယ့် Pre Production တွေ လုပ်တဲ့အချိန်ပြီးရင်တော့ အိမ်ပြန်ရောက်တဲ့ အခါမှာလည်း ကိုယ့်ဘာသာကိုယ် လေ့ကျင့်တာတွေရှိတယ်။ စာသားမေ့တာတွေလည်း ရှိခဲ့တယ်အခုတော့ အဆင်ပြေသွားပါပြီ”ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။  

ဝိုင်းလေးဟာ သရုပ်ဆောင်နဲ့ ပတ်သက်ပြီး MRTV-4 ရဲ့ Musical Series မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အိပ်မက်ကာရန် ရုပ်ရှင်ဇာတ်ကားကြီးကတော့ သူမအတွက် အဓိက သရုပ်ဆောင် တစ်ယောက်လို ကာရိုက်တာ ပါဝင်ရမှာ ဖြစ်တာကြောင့်လည်း ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်နေရတယ်လို့ ဆိုပါတယ်။ ဝိုင်းလေးကို အားပေးကြမယ့် ပရိသတ်တွေကတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာပုံစံအသစ် တစ်ခုအနေနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ 

အိပ်မက်ကာရန် ရုပ်ရှင်ဇာတ်ကားကြီးကို ဝိုင်းလေး တစ်ယောက် ပါဝင်ဖြစ်ခဲ့ပုံကိုလည်း ပြောပြလာပါသေးတယ်။ သူမအတွက်လည်း သင်ယူစရာတွေ အများကြီးရှိလာမယ်လို့ မျှော်လင့်တဲ့အကြောင်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက “အိပ်မက်ကာရန်” ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“အိပ်မက် ကာရန် ရုပ်ရှင်ဇာတ်ကားကြီးက ဂီတနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်တယ်။ မနီနီခင်ဇော်ကလည်း ဒီဇာတ်ကားထဲမှာ ပါဝင်ဖို့ ကမ်းလှမ်းထားတာလည်း ကြာပြီ။ ကိုယ်ပါဝင်ရမယ့် ကာရိုက်တာ အကြောင်းကိုလည်း သူရှင်းပြတယ်။ အဓိက ကတော့ သီချင်းနဲ့ ပတ်သက်တဲ့ ဇာတ်ကားဖြစ်တာကြောင့် လက်ခံဖြစ်တာပါ။ ဒီဇာတ်ကားရိုက်တော့လည်း ရုပ်ရှင်၊ ဂီတ၊ သဘင် စတဲ့ ဆရာတွေနဲ့လည်း တွေ့ဆုံရသလို ကိုယ့်ရဲ့ စီနီယာတွေဆီက ပရိသတ်လက်ခံလို့ရတဲ့ ဗဟုသုတတွေ ရနိုင်တယ် ဆိုတဲ့ စိတ်နဲ့ ပါဝင်ရိုက်ကူးသွားမှာပါ”လို့ ဆိုပါတယ်။ 

ဝိုင်းလေးဟာ Miss Myanmar World ရဲ့ အလှမယ်တစ်ဦးဖြစ်သလို ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေဟာ လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားသလိုပဲ သူမဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင် တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။ သူမဟာ ဂီတအလုပ်တွေကို တစိုက်မတ်မတ် ကြိုးစားနေသူဖြစ်သလို မကြာခဏ Single Songe အသစ်လေးတွေနဲ့ မကြာခဏ ထွက်ရှိတတ်သူတစ်ယောက်ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က