သူက ရဲဘော်ရဲဘက်စိတ် အပြည့်ရှိတယ်။

ငှက်ပျောကြော်ကတော့ ဇာတ်ကားတွေအများကြီး အတူတူတွဲရိုက်ခဲ့ဖူးတဲ့ သရုပ်ဆောင်နေတိုးရဲ့ စိတ်ဓာတ်ကို ချီးကျူးစကားဆိုလာပါတယ်။ 

Photo: Nga Pyaw Kyaw



ဟာသသရုပ်ဆောင် ငှက်ပျောကြော်ကတော့ အခုချိန်ထိ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရတုန်းပါပဲ။ သူဟာ အတူတွဲရိုက်ခဲ့ဖူးတဲ့ မင်းသားတွေထဲက နေတိုးရဲ့ စိတ်နေ စိတ်ထားတွေကို Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“နေတိုးနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အတူတူရိုက်ကြတဲ့ အချိန်မှာ သူက သူ့အတွက်တင်မဟုတ်ဘူး ဇာတ်ကား တစ်ကားလုံးမှာပါတဲ့လူတွေ အတွက်ပါသူက ကြည့်ထားတာ။ ကာရိုက်တာနဲ့ ပတ်သက်ပြီး special Effect တွေ၊ ဇာတ်ကားထဲမှာ လူတစ်ယောက်ကို အကုန်လုံးက ဝိုင်း ထိုးတယ်၊ ကန်တယ်၊ မျက်နှာ ဖူးရောင်နေမယ်ဆိုတဲ့ ပုံစံတွေလုပ်ရရင်လည်း နေတိုးက သူကိုယ်တိုင်ပြင်ဆင်ပေးတယ်။ မင်းသားဆိုပြီး အထာကြီးနဲ့ မနေဘူး။ ဒါကိုလည်း ရှုတင်ပေါ်မှာ ကျွန်တော်ကိုယ်တိုင်မြင်တွေ့ခဲ့ရတာလေ” လို့ သူကဆိုပါတယ်။ 

Photo: Nga Pyaw Kyaw

နေတိုးတစ်ယောက် သရုပ်ဆောင် စလုပ်ကတည်းကနေ အခုချိန်ထိ ဇာတ်ကားတွေ အများကြီး အတူတူတွဲရိုက်ခဲ့ဖူးတယ်လို့ ငှက်ပျောကြော်က ပြောပါတယ်။ အောင်မြင်တဲ့ မင်းသားတစ်ယောက်ရဲ့ ဘဝရှေ့ရေးက ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ သေချာပြောပြလို့မရသေးဘူးလို့လည်း သူက ပြောပါတယ်။ 

“ သူက ရဲဘော်ရဲဘက်စိတ်လည်းရှိတယ်။ စိတ်ထားလည်း ကောင်းတယ်။ လူတစ်ယောက်က သူ့ဖတ်စာအုပ်နဲ့ သူပါ။ စာမျက်နှာတွေ အများကြီးရှိတယ်။ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာ သူပဲ သိပါလိမ့်မယ်။ ကျွန်တော်လည်း ကိုယ့်ဖတ်စာအုပ်နဲ့ ကိုယ် စာမျက်နှာတွေ ကို အခုထိ သွားနေရတယ်လေ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရွာဇော်ကြီး ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Nga Pyaw Kyaw

ငှက်ပျောကြော်ကတော့ အနုပညာအလုပ်တွေကို လူရွှင်တော် တစ်ယောက်အဖြစ် စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ TV ကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားတာ တွေ့ရပါတယ်။ ငှက်ပျောကြော်ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ဝန်းကျင်ခန့်ရှိပါပြီ။ အခုချိန်ထိလည်း အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတုန်းပါပဲ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က