ဦးနှောက်သေသွားခဲ့ပြီလို့ သိရပါတယ်။

ပရိသတ်ကိုဟာသပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်စေခဲ့တဲ့ ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး မန်းဝင်း ရဲ့ ကျန်းမာရေး အခြေအနေကို သမီးဖြစ်သူ ဟေမာမန်းဝင်းက စိတ်မကောင်းစွာနဲ့ အခုလို ပြောပြလာပါတယ်။ 

Photo: Hay Mar Mann Win



ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးမန်းဝင်းရဲ့ ကျန်းမာရေးအနေအထားက စိုးရိမ်နေရတယ်လို့ သမီးဖြစ်သူ ဟေမာမန်းဝင်းက Duwun ကို ပြောပါတယ်။ လက်ရှိမှာတော့ မန်းဝင်းဟာ ဆေးရုံက ဆင်းလာခဲ့ပြီလို့ သိရပါတယ်။ 

“ အဖေကလေ မနေ့က(ဇွန်လ ၁၄ ရက်) ညက အိမ်ကိုပြန်ခေါ်လာပြီ။ အခြေအနေက မကောင်းလို့ပါ။ ဆရာဝန်ကြီးတွေရဲ့ ဆေးစစ်ချက်စာအရ ပြောရမယ်ဆိုရင်တော့ အဖေက ဦးနှောက်သေသွား ပြီလို့ပြောပါတယ်။ နှလုံးလေးပဲ အလုပ်လုပ်တော့တယ်တဲ့။ နှလုံးလေး ရပ်သွားရင်တော့ အဖေက ဆုံးပြီပေါ့နော်။ အခု အဖေ့ကို အကုန်လုံးက စောင့်ကြည့်နေကြတယ်။ နှလုံးက ဘယ်အချိန်ရပ်သွား မယ်ဆိုတာ အစ်မတို့လည်း မသိပါဘူး။ ဦးနှောက်ကတော့ လုံးဝ အလုပ်မလုပ်တော့ဘူး” လို့ သူက ဆိုပါတယ်။ 

Photo: Hay Mar Mann Win

ဦးနှောက်သေသွားတာ ဖြစ်တဲ့အတွက် ဦးခေါင်းပိုင်းကလည်း မလှုပ်ရှားနိုင်တော့ဘူးလို့ ဟေမာမန်းဝင်းက ဆက်လက် ပြောပြလာပါတယ်။ ဖခင်ဖြစ်သူအတွက် မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်နေကြတဲ့ ပရိသတ်တွေလည်းရှိတယ်လို့သူက ဆိုပါတယ်။ 

“ ဦးနှောက်ဆိုတာ ခေါင်းထဲက သွားတာလေ အဲဒီတော့ အောက်ဆီဂျင်လည်း ရှုလို့မရတော့ဘူးပေါ့နော်။ အခုလည်ချောင်းအပေါက်လေးကနေပြီးတော့ အောက်ဆီဂျင်အပေါက်လေး ထည့်ပေးထားတယ်။ အခု အိမ်က ဘုရားခန်းမှာ အဖေ့ကို ထား ထားတယ်။ အခုချိန်မှာတော့ အကုန်လုံးက ခံစားနေရတာပါပေါ့နော်။ မကြီးတို့ မိသားစုတွေ ခံစားရသလို အပြင်က အဖေ့ရဲ့ ပရိသတ်တွေလည်း ထပ်တူ ခံစားရပါတယ်။ အဖေ ကျန်းမာရေးမကောင်းလို့ စိတ်မကောင်းဖြစ်နေကြသူတွေချည်းပါပဲ” ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Hay Mar Mann Win

မန်းဝင်းဟာ ဇွန်လ (၁) ရက်နေ့တုန်းက ဦးနှောက်သွေးယိုစိမ့်ခဲ့လို့ ပင်လုံဆေးရုံကြီးမှာ ချက်ချင်း ဆေးရုံတင်ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဦးမန်းဝင်းဟာ ဖေဖော်ဝါရီလအတွင်းက နှလုံးရောဂါကြောင့် ရုတ်တရက် ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေဟာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်လို့လည်း ဇနီးဖြစ်သူက Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ လူရွှင်တော်ကြီး မန်းဝင်းကတော့ ကျောက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ ကျောက်ကပ် တစ်ခါဆေးရင် ၁ သိန်းကုန်ကျ စားရိတ်ရှိတယ်လို့ သိရပါတယ်။ 

Photo: Hay Mar Mann Win

မန်းဝင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က