ဒါရိုက်တာ အောင်ကိုလတ် ကိုယ်တိုင် ပုံဖော်ရိုက်ကူးထားတာပါ။

ဂျပန်အနုပညာရှင်တွေနဲ့ မြန်မာအနုပညာရှင်တွေ ပူးပေါင်းပါဝင်ထားတဲ့ “ဂန္ဓဗ္ဗ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ အောင်ကိုလတ်က ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ထူးခြားမှုကတော့ မြန်မာ့ စောင်းရယ်၊ ဂျပန် စောင်းရယ်၊ အီလက်ထရောနစ် ဂစ်တာရယ် မတူညီတဲ့ တူရိယာ သုံးမျိုးရဲ့ ပေါင်းစပ်ဖန်တီးမှုတွေ ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Photo: Gandaba



ဒါရိုက်တာ အောင်ကိုလတ်ကိုယ်တိုင်ရိုက်ကူးတဲ့ “ဂန္ဓဗ္ဗ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နာမည်ကျော်အနုပညာရှင်တွေနဲ့ အတူ သရုပ်ဆောင်အသစ်တွေလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ အဲဒီမှာ အကယ်ဒမီ ရန်အောင်ကလည်း ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တဲ့အကြောင်းကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ဒီဇာတ်ကားကို ထွေလာကြည့်လိုက်တဲ့အချိန်မှာ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်တို့ အပါအဝင် မိုရီဆာကီဝင်းတို့ကလည်း ဧည့်သည်တော်အဖြစ် ပါဝင်သရုပ်ဆောင်ပေးထားကြတဲ့အတွက်ကြောင့် ကြည့်ရတာ အားရကျေနပ်မိတယ်။ မြန်မာ့ စောင်းရယ်၊ ဂျပန် စောင်းရယ်၊ အီလက်ထရောနစ် ဂစ်တာရယ် သုံးမျိုးပေါင်းပြီးတော့ ထိထိမိမိရိုက်ကူးပြတဲ့ ဇာတ်ကားလို့လည်းထင်ပါတယ်။ အနှစ်သာရတစ်ခုခုရမယ်လို့လည်း ထင်ပါတယ်” လို့ သူကဆိုပါတယ်။

Photo: Gandaba

“ဂန္ဓဗ္ဗ”ရုပ်ရှင်ဇာတ်ကားကြီးကို ပုံဖော်ရိုက်ကူးသူ ဒါရိုက်တာ အောင်ကိုလတ်ကလည်း ဒီဇာတ်ကားဟာ သူ့အတွက်တော့ အိပ်မက်တစ်ခုဖြစ်တဲ့ အကြောင်း ပြောလာပါတယ်။

“ ဒီဇာတ်ကားကို တင်ပြချင်ခဲ့တာက ၈၆ ခုနှစ်ကတည်းကပါ။ အဲဒီတုန်းက ကျွန်တော် ဂျပန်မှာနေတဲ့ အချိန်ပေါ့။ စိတ်ကူးစဖြစ်တာကလည်း ဂျပန်စစ်ဗိုလ်တစ်ယောက်က ရဟန်းဝတ်ပြီးတော့ မြန်မာ့စောင်းကို ကိုင်တယ်၊ ကြက်တူရွေးကို ပုခုံးပေါ်တင်ထားတယ်။ ကိုယ်က ဂျပန်ကျောင်းသားဖြစ်နေတဲ့ အချိန်ပေါ့ ဒါကိုကြည့်ပြီးတော့ ငါ တစ်ခုခုလုပ်ရင် ကောင်းမယ်ဆိုပြီးတော့ စဉ်းစားခဲ့တာ အခု အကောင်အထည်ဖော်လာနိုင်ပါပြီ” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။

Photo: Gandaba

သရုပ်ဆောင် ခင်ဇာခြည်ကျော်ကလည်း “ဂန္ဓဗ္ဗ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အပေါ် အားရကျေနပ်ဖြစ်မိတယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ အောင်ကိုလတ်ကလည်း ဘက်ဆုံတော်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တယ်လို့ ဇန်နဝါရီလ ၁၀ ရက်နေ့က “ဂန္ဓဗ္ဗ”ရုပ်ရှင် မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

“ ဦးလတ်က ဘက်စုံတော်တဲ့ ပညာရှင်တစ်ယောက်ပါ။ ဒီဇာတ်ကားကိုလည်း သူ စိတ်ရော၊ ကိုယ်ရော နှစ်ထားတာ။ ဒီ ဂန္ဓဗ္ဗ ဇာတ်ကားဟာ မြန်မာပြည်တင်မဟုတ်ဘူး နိုင်ငံတကာကိုပါ ပြသဖို့ အစီအစဉ်တွေရှိတယ်။ အဲဒီအတွက် အကောင်းဆုံးတွေ ဖန်တီးထားတယ်ဆိုတာကိုလည်ူ မျက်မြင်ကိုယ်တွေ့ပါပဲ” လို့ သူကပြောပါတယ်။

Photo: Gandaba

“ဂန္ဓဗ္ဗ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ Aung Ko Latt Motion Pictures က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ အောင်ကိုလတ် နဲ့ ဂျပန် ဒါရိုက်တာ Kitaro Kanematsu ရိုက်ကူးပုံဖော်ခဲ့တာပါ။ ဒီ ဇာတ်ကားကြီးမှာတော့ အဓိကသရုပ်ဆောင်များအဖြစ် Donnaa Layla ၊ Shunya Shiraishi ၊ အကယ်ဒမီရန်အောင်၊ အကယ်ဒမီခင်ဇာခြည်ကျော်၊ Win Morisaki ၊ စည်သူမောင်နဲ့ Shun Sugata တို့က ပါဝင်အားဖြည့်ထားပါတယ်။ “ဂန္ဓဗ္ဗ” ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၂၃ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က