အခုထိတော့ သူနဲ့ မတွေ့ဖြစ်သေးဘူး။
Sabal Thwin

မိုးအောင်ရင်ကတော့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ နန်းဆုရတီစိုးနဲ့ အမှတ်တရတွေပြောပြလာပါတယ်။ အခုထိတော့ နန်းဆု နဲ့ မတွေ့ဖြစ်သေးဘူးတဲ့။

Photo: Moe Aung Yin

မိုးအောင်ရင်က အနုပညာလောကမှ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်ခဲ့တဲ့ နန်းဆုရတီစိုးအကြောင်းတွေ ပြောပြလာပါတယ်။ အနုပညာလှုပ်ရှားမှုတွေလည်း အများကြီးပဲလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

‘’ သူနဲ့ အမှတ်တရတွေကတော့ အများကြီးရှိတယ်။ သူ့ရဲ့ MTV တွေကိုလည်း အများကြီး သူနဲ့ အတူတွဲပြီးရိုက်ဖူးတယ်။ သူနဲ့ကတော့ အရမ်းခင်တဲ့ သူငယ်ချင်းပေါ့နော်။ အဖေ နဲ့ အတူတူ တောင်ကြီးက ဖျော်ဖြေပွဲတွေမှာလည်း သူနဲ့ ကျွန်တော်နဲ့ သီချင်းတွေဆိုဖူးတယ်။ မလေးရှားတို့၊ စင်ကာပူ တို့ကိုလည်း အဖေရယ်၊ သူရယ်၊ ကျွန်တော်ရယ် ခရီးတွေ အတူတူသွားဖူးတယ်’’လို့ သူကဆိုပါတယ်။

Photo: Phyo Moe Theingi

သူတို့ နှစ်ဦးကိုတော့ ဗီဒီယိုဇာတ်ကားတွေ၊ Music Video တွေ၊ ရုပ်ရှင်ဇာတ်ကားတွေ အပြင် ကြော်ငြာ ရိုက်ကူးရေးတွေမှာပါ အတူတွဲသရုပ်ဆောင်ရတာ အများကြီးရှိခဲ့ဖူးတဲ့သူတွေပါ။ အရင်အချိန်တွေကို ပြန်လွမ်းတယ်လို့လည်း မိုးအောင်ရင်က ပြောပါတယ်။

‘’ အရင်တုန်းက အချိန်တွေ ပြန်မလွမ်းဘူးလားဆိုတော့လည်း လွမ်းတာပေါ့နော်။ ပြန်တော့မရနိုင်တော့ဘူးလေ။ တချို့ဟာတွေက ကိုယ်က ကျော်ဖြတ်ခဲ့ပြီးသွားပြီ။ လူကြီးတွေဆို ပြောတယ်လေ နင်တို့တွေနော် အသက်မကြီးချင်ကြနဲ့ ငါတို့တွေဆို ပြန်ငယ်ချင်တာ ဆိုပြီးပြောကြတယ်။ အခုလည်း အဲဒီခံစားချက်ကို နားလည်ပေးနိုင်တဲ့ အရွယ်ရောက်လာပြီဆိုတော့ လွမ်းတာပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့က ‘’အမျှ..အမျှ’’ ရုပ်ရှင်ကားကြီးအထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Moe Aung Yin

မိုးအောင်ရင်တစ်ယောက် ထောင်က လွတ်လာပြီး အနုပညာအလုပ်တွေ စလုပ်နေတာကြောင့်လည်း နန်းဆုရတီစိုးနဲ့ မဆုံဖြစ်သေးဘူးလို့ သိရပါတယ်။

‘’ သူနဲ့က လူချင်းမတွေ့ဖြစ်သေးဘူး။ သတင်းဆိုတာ တချို့အရာတွေက ဟုတ်ချင်မှ ဟုတ်တာတွေလည်း ရှိချင်ရှိနိုင်တယ်။ ကောလဟလတွေလည်း ရှိချင် ရှိမယ်ဆိုတော့ ကျွန်တော်ကတော့ သူ့ကို ကိုယ်တိုင်တွေ့ပြီး မေးကြည့်မှပဲ သူ ဘယ်ဟာတွေ ပြောင်းလဲတယ် မပြောင်းလဲ ဘူးဆိုတာ ပြောပြလို့ရမှာပါ။ အခု လက်ရှိကလည်း အဖေက ကျွန်တော့်ကို ဘယ်ကိုမှ မသွားခိုင်းသေးဘူး။ ဒါကြောင့်ပါ’’ လို့ သူကဆိုပါတယ်။

Photo: Moe Aung Yin

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။ မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က