“တို့မမနဲ့တို့” ဇာတ်လမ်းတွဲအကြောင်းပြောပြလာပါတယ်။

“တို့မမ နဲ့တို့” ဇာတ်လမ်းတွဲထဲက သန်းသန်းဆွေဆိုတဲ့ မိန်းကလေးနေရာမှာ မြတ်သူသူက ပါဝင်သရုပ်ဆောင်ထားတဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။ 

သရုပ်ဆောင် မြတ်သူသူကတော့ လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “တို့မမနဲ့တို့” ဇာတ်လမ်းတွဲထဲမှာ သန်းသန်းဆွေ ဆိုတဲ့ မိန်းကလေးနေရာက ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ လိင်တူချစ်သူရဲ့ ဇနီးသည်အဖြစ် သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်နဲ့ ပတ်သက်ပြီး သူမကို ဝေဖန်လာတဲ့ ပရိသတ်တွေလည်း ရှိတယ်လို့ မြတ်သူသူက Duwun ကို ပြောပြလာပါတယ်။ 



“ကိုယ်က သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျရာနေရာမှာ ကာရိုက်တာပေါ်အောင် သရုပ်ဆောင်ရတယ်။ ဒီဇာတ်ကားက ဇာတ်လမ်းတွဲ အနေနဲ့တော့ ပထမဆုံး လွှင့်သလိုဖြစ်သွားတယ်။ ဒီဇာတ်ကား အပိုင်း(၃) လွှင့်ပြီးသွားတဲ့နောက်မှာ နည်းနည်းလေးတော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတယ်။ အရင်ကဆို မြတ်သူကို ဆဲတယ် အိုဗာတင်းတယ် အပြင်မှာ ဘယ်မိန်းမမှ အဲဒီလောက် မလုပ်ဘူးပေါ့။ ဒါပေမယ့် မြတ်သူက အပြင်က မိန်းမတစ်ယောက်မဟုတ်ဘူး။ ဇာတ်ကားထဲက သန်းသန်းဆွေဆိုတဲ့ မိန်းမတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်စွမ်းအား နည်းတယ်။ ဒါပေမယ့် ပါဝင်တဲ့ ကာရိုက်တာတိုင်းကတော့ သူဖြစ်ချင်တဲ့ ရည်မှန်းချက်လေးတွေကို တည့်မတ်သွားနိုင်ကြမလားဆိုတာ စောင့်ကြည့်နော်” လို့ သူကဆိုပါတယ်။ 

Photo: Myat Thu Thu

“တို့မမနဲ့တို့” ဇာတ်ကားထဲမှာ သန်းသန်းဆွေရဲ့ ခင်ပွန်းဟာ လိင်တူခြင်းသဘောကျတဲ့ သူ့ရဲ့ ခံစားချက်ကို ထုတ်ဖော်မပြောရဲတာကြောင့် မိဘတွေရဲ့ သဘောဆန္ဒအတိုင်း သန်းသန်းဆွေကို လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မြတ်သူသူ က သန်းသန်းဆွေလို မိန်းကလေးမျိုး မဖြစ်စေချင်ဘူးလို့ ဆိုပါတယ်။ 

“ ကိုယ်က အပြင်မှာ သန်းသန်းဆွေလို အဖြစ်မျိုး ကြုံမှ မကြုံဖူးတာလေ။ ဒါပေမယ့် ဒီဇာတ်ကားကို လွှင့်နေတဲ့ အချိန်မှာ သန်းသန်းဆွေလို မိန်းကလေးလိုမျိုး အများကြီး မဖြစ်စေချင်ဘူး။ မရည်ရွယ်ဘူးဆိုပေမယ့် အသုံးချခံလိုက်ရတယ်။ ရည်ရွယ်လို့ပဲ မှားမှား၊ မရည်ရွယ်လို့ပဲ မှားမှား ဘဝမှာ အိမ်ထောင်ရှိတယ်ဆိုတဲ့ နာမည်တစ်ခုတော့ ရသွားတာပေါ့။ အဲဒီလို ပုံစံမျိုးတော့ ဘယ်မိန်းကလေးကိုမှ မဖြစ်စေချင်ဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

"တို့မမနဲ့ တို့" ရုပ်သံဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသလျှက်ရှိပြီး သြဂုတ်လ(၂၄) ရက်နေ့မှာ အပိုင်း(၁၇) အထိ ထွက်ရှိပြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဟိန်းမင်းသူ၊ မိုးသူရ၊ မြတ်သူသူ နဲ့ ရှင်မင်းဆက် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ တွေ့ရပါတယ်။ မြတ်သူသူ ကို ပရိသတ်တွေက ဝိညာဉ်ရှိုက်သံ၊ ဝင်္ကပါစံအိမ်၊ ရတနာထဲကရတနာ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲဒီနောက် ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ‘’မြညို’’ ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ ပိုမိုအားပေးလာကြတာ တွေ့ရပါတယ်။ အခုချိန်ထိလည်း ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ် အခိုင်အမာ ရရှိလာသူ ဆိုရင်လည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က