အခုချိန်ထိ ကလစ်လေးတွေဆိုလည်း ကြိုက်နေတုန်းပဲ
Sabal Thwin

ခိုင်သင်းကြည်ကတော့ နုပျိုရခြင်းရဲ့ လျို့ဝှက်ချက်တွေကို ပြောပြလာပါတယ်။ အခုချိန်မှာလည်း ဘာသာရေးကို ပိုလုပ်ဖြစ်တယ်လို့ ပြောပါတယ်။ 

Photo: Happy Heart

သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ သူ့ရဲ့ နုပျိုသွက်လက်မှုတွေက မြင်ရတဲ့ ပရိသတ်တိုင်းအတွက်တော့ အားကျစရာ ကောင်းလောက်အောင်ပါပဲ။ ဒီလို နုပျိုနေရခြင်းရဲ့ လျို့ဝှက်ချက်ကိုတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’မခိုင်က စိတ်ကို ရှင်းရှင်းပဲထားတတ်တာက တစ်ကြောင်း၊ ခန္ဓာကိုယ်လေးကလည်း သေးတာက တစ်ကြောင်းပေါ့။ ပြီးတော့ ပျော်ပျော်နေတတ်တာက တစ်ကြောင်းပေါ့နော်။ ကိုယ့်ရဲ့ စိတ်ကလည်း ကြိုက်လိုက်ပြီဆိုရင် ဦးထုတ်လေးတွေ၊ ကလစ်လေးတွေ တွေ့ရင်ကြိုက်နေတုန်းပဲ။ ကိုယ့်ကိုယ်ကိုယ် ဆုံးမနေရတယ်။ မသင့်တော်တော့ဘူးပေါ့နော်။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေတောင် တော်တော်ကြီးနေပြီဆိုတော့ ကိုယ့်အသက်လည်း ငယ်တော့ မငယ်ပါဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: HK

အဓိက ကတော့ ဘာသာရေးကို ပိုဦးစားပေးလုပ်တယ်လို့ ခိုင်သင်းကြည်က ပြောပါတယ်။

‘’ မခိုင်က အတတ်နိုင်ဆုံး စိတ်ထဲမှာ ရှိရင်ရှိသလို ပြောလိုက်ပြီးရင် မေ့သွားရော။ ကိုယ့်ရဲ့ စိတ်ကလည်း ဘယ်ကိုသွားသွား တက်တက်ကြွကြွနဲ့ ပျော်ပျော်နေတတ်တယ်။ ဘာသာတရားနဲ့လည်း ဆိုင်ပါတယ်။ လူတစ်ယောက်က ၅ ပါးသီလ လုံရင် ရုပ်ကြည်တယ်။ ချောတာ၊ လှတာ၊ နုတာထက် ကြည်နေတာပါ မခိုင်လေးက’’ဆိုပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့က MDS Fashion ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Happy Heart

လက်ရှိမှာတော့ ခိုင်သင်းကြည်ရဲ့ အနုပညာလှုပ်ရှားမှု အနေနဲ့ ရုပ်ရှင်ကားကြီးတွေရိုက်ဖို့ မရှိသေးပါဘူးတဲ့။

‘’ မခိုင်လေးက အခု Mask Singer Myanmar မှာ ဒိုင်လုပ်ပေးနေတယ်။ ဒီနိုဝင်ဘာ တစ်လ လုံးမှာ ပွဲတက်တွေ လက်ခံထားတယ်။ ဒီလောက်ပါပဲ။ ဒီလထဲမှာပဲ ရုပ်ရှင်ကားကြီးရိုက်ကူးဖို့ တစ်ကားတော့ လာကမ်းလှမ်းထားတယ်။ မခိုင်လေး မရိုက်ဖြစ်ပါဘူး။ မခိုင်လေး လုပ်နေကြ ပုံစံဖြစ်လို့ လက်မခံဖြစ်တော့တာပါ။ ဇာတ်ကားက မြင့်မြတ်နဲ့ပေါ့။ နိုဝင်ဘာ ၂၀ ရက်နေ့မှာရိုက်မယ့် ဇာတ်ကားပေါ့နော်။ မရိုက်ဖြစ်တော့တာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: MDS

ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပြီး ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ သူမအတွက်တော့ ပထမဆုံးအကြိမ်အကယ်ဒမီဆုအနေနဲ့ ၂၀၁၃ ခုနှစ်မှာတော့ ''စုန်းပြူး''ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ''ကောင်းကျိုးကိုယ်၌တည်စေမင်း''ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့ပြန်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က