အမှတ်တရတွေကို ဗေလုဝ ဇနီးက ပြောပြလာပါတယ်။

ဗေလုဝကတော့အရင်ကတည်းက ခန္ဓာကိုယ်လေး သေးသေး ပိန်ပိန်လေးပါပဲဆိုပြီးတော့ ဗေလုဝရဲ့ ဇနီးက နှစ်ယောက်သား စတွေ့ခဲ့တုန်းက အမှတ်တရလေးတွေ ပြောပြလာပါတယ်။ 

Photo: Bay Bay



သရုပ်ဆောင် ဗေလုဝကတော့ လက်ရှိမှာ ဇနီးဖြစ်သူ ဒေါ်စုစုခိုင်နဲ့ အိမ်ထောင်ပြုပြီး သားတစ်ယောက် ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ ဗေလုဝနဲ့ ဖူးစာဆုံခဲ့ကြတဲ့ ပျော်စရာ အမှတ်တရလေးတွေကို ဇနီးဖြစ်သူ ဒေါ်စုစုခိုင်က Duwun ကနေ ပြောပြလာပါတယ်။ 

“ ဦးဗေ အစ်မ အရင်းနဲ့ အန်တီ့အစ်ကို တစ်ဝမ်းကွဲနဲ့ ညားတာ ဆိုတော့ သိပ်မစိမ်းဘူး။ ဦးဗေက ငယ်ငယ်ကတည်းက သေးသေးပိန်ပိန်ညှက်ညှက်ကလေးပဲ။ အဲဒီ ပိန်ပိန် သေးသေး ညှက်ညှက်ကလေးကိုပဲ ချစ်မိသွားတာ။ ဦးဗေ အစ်မက အောင်သွယ်ပေါ့။ အခြေအနေကို ကြည့်တော့လည်း ဦးဗေတို့က စာရေးတာ တစိုက်မတ်မတ်ရှိတယ်။ အဲဒီတုန်းကလည်း သူက ဇာတ်ကားတွေ ရိုက်နေပြီ မအောင်တော့ မအောင်မြင်သေးတဲ့ အချိန်ပါ။ ကိုယ့်ယောင်းမကလည်း ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်ပေါ့ ဆိုပြီးတော့ ယောင်းမက အောင်သွယ်ပြီး ပေးစားခဲ့ကြတာပါ” လို့ သူကဆိုပါတယ်။ 

Photo: Bay Bay

လက်ရှိမှာတော့ ဗေလုဝဟာ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားထားသလို ကိုဗစ် ကာလ ဖြစ်တာကြောင့် စီးပွားရေး အကြပ်အတည်းဖြစ်နေတယ်လို့လည်း ဒေါ်စုစုခိုင်က ဆိုပါတယ်။ 

“ အခုချိန်မှာတော့ ရှိတာလေးတွေကို ခြွေ ခြွေတာတာ စားကြ၊ သောက်ကြ၊ ဦးဗေ ဆေးဖိုးလေးနဲ့ ရှိတာလေးတွေလည်း ရောင်းချရတာပေါ့။ ညနေပိုင်းဆိုရင် ဈေးဖိုးရအောင် မုန့်ဟင်းခါးလေးရောင်းတယ်။ တစ်သောင်း၊ ၉၀၀၀ လောက်ရလည်း ဟင်းစားလေး ရတာပဲလေ။ ဆိုင်ကလည်း ရောင်းရလို့ မဆိုးပါဘူး။ လယ်သူမ ဆိုင်ကလည်း အခုဆို Covid က (၂) ခါဖြစ်တာဆိုတော့ အဆင်မပြေဘူး၊ ဆိုင်ကလည်း ပိတ်ထားရသလို ဝန်ထမ်းတွေကလည်း ပြန်လို့မရတော့ ကျွေးထားရတယ်။ အခုဆို စာချုပ်က သိန်း(၃၀၀) ကျော် ချုပ်ရမှာ။ (၁၂) လပိုင်းဆိုပြည့်ပြီလေ။ ဒါကြီးကို မတတ်နိုင်တော့ တခြားနေရာလေးတွေမှာ လုပ်ဖို့တော့ စီစဉ်ထားတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Bay Bay

ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီး ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ဆေးကုသမှု ခံယူနေစဉ်မှာလည်း ဆုံးပါးသွားပြီဆိုတဲ့ သတင်းအမှားတွေ ထွက်ရှိခဲ့တာကြောင့် ပရိသတ်တွေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ သူဟာ နေအိမ်မှာပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေ ခံယူနေရသူပါ။ "ဘီလူး" ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတဲ့ သရုပ်ဆောင် ဗေလုဝဟာ အခုဆိုရင် အနုပညာသက်တမ်းနှစ်(၂၀) ကျော်လာပြီဖြစ်ပါတယ်။ သူဟာ "ဤအရာကို အချစ်လို့ခေါ်သလား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။






ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က