ယုံကြည်ပါ့မလား၊ သင့်တော်ပါ့မလား တွေးရတယ်။

အနုပညာသမားတွေ အနေနဲ့ စီးပွားရေးအခက်အခဲတစ်ခုခုကြောင့် ပြင်ပအလုပ်ကို လုပ်ရတော့မယ့် အခြေအနေမှာ ကြုံတွေ့နိုင်တဲ့ အရာတွေကို သိန်းလင်းစိုး ကပြောပြခဲ့ပါတယ်။ 

Photo: Thein Lin Soe



သိန်းလင်းစိုးက ခြေထောက် ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ခဏ နားခဲ့ရသလို Covid ကာလနဲ့ ကြုံရတဲ့ အချိန်မှာ ဝင်ငွေ အခက်အခဲ ကြုံနေတယ်လို့ သိရပါတယ်။ သူ့ အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အတွက် အပြင်စီးပွားရေးအလုပ်ကို လုပ်ဖို့ဆိုတာ အရမ်းခက်ခဲတဲ့ အနေအထား တစ်ခုဖြစ်တဲ့အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ 

“ ပုံမှန် လူတစ်ယောက်က စီးပွားရေး အဆင်မပြေတာဖြစ်ဖြစ်၊ အလုပ်အကိုင်မတော်တဆ မရှိတော့တာဖြစ်ဖြစ် တခြား အလုပ်တစ်ခုခုကို ပြောင်းလုပ်မယ် ဆိုရင် လွယ်တယ်။ အနုပညာအလုပ် လုပ်နေတဲ့ သူတွေကျတော့ သီချင်းမဆိုရလို့၊ ရုပ်ရှင် မရိုက်ရတော့လို့ တခြားအလုပ် ပြောင်းလုပ်မယ် ဆိုရင် အများကြီး စဉ်းစားရတယ်။ ငါ ဒီလို လုပ်ရင် သင့်တော်ပါ့မလား၊ ဒီလို လုပ်ရင် ဖြစ်ပါ့မလား၊ ငါ သွားလုပ်လိုက်တဲ့ အခါကျရင် လူတွေက အလုပ်ပေးပါ့မလား၊ ယုံကြည်ပါ့မလား၊ ဒါမျိုး အတွေးတွေ အများကြီးရှိတယ်" လို့ ဆိုပါတယ်။ 

Photo: Thein Lin Soe

သိန်းလင်းစိုးက ပရိသတ်တွေ အားပေးလက်ခံလာတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ဖို့ အခက်အခဲတွေ အများကြီး ကြုံရနိုင်တယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း အခုလို ပရိသတ် သိတဲ့ အဆိုတော်ဖြစ်လာဖို့ ဘဝကို ရုန်းကန်ခဲ့ရတယ်လို့ သူက ပြောပါတယ်။ 

"တကယ်တော့ အနုပညာအလုပ် လုပ်နေတဲ့ လူတစ်ယောက်က သူ့ ကံတရားဆိုတာ ရှိတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချိန်မှာ ဖြစ်တဲ့အတွက် လူတွေက ကရုဏာ ထားပြီးတော့ အကောင်းမြင်တဲ့ စိတ်လေး ထားပေးလိုက်မယ် ဆိုရင် နည်းနည်း သက်သာမယ်။ ကျွန်တော်ဆိုရင် ဘဝကို ဘယ်လို ရုန်းကန်ခဲ့ရသလဲ၊ ဖြတ်သန်းခဲ့ရသလဲဆိုတာ ဘယ်သူမှ မသိဘူး။ အဆိုတော် တစ်ယောက်က သီချင်းပေါက်မှသာ သူ့ဘဝကြီးက သာယာပြီးတော့ ကောင်းစားသွားတာ။ သီချင်းတစ်ပုဒ် မပေါက်မခြင်း၊ နာမည်တစ်လုံး မရမခြင်း၊ သီချင်းတစ်ပုဒ်ရဖို့ ဘယ်လို ပိုက်ဆံရှာရတယ်၊ သီချင်းဖန်တီးရတယ် ဆိုတာကို ဘယ်သူမှ မသိဘူး" လို့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။ 

Photo: Thein Lin Soe

သိန်းလင်းစိုးကိုတော့ ပရိသတ်တွေက အဆိုတော်တစ်ယောက်အဖြစ် စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်သံဇာတ်လမ်းတွဲတွေ လက်ခံရိုက်ကူးရင်း ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာရတဲ့သူဖြစ်ပါတယ်။ သူဟာ Covid ကြောင့် အလုပ်တွေ ရပ်နားထားပေမယ့် လုပ်ခွင့်ရတဲ့ အနုပညာအလုပ်လေးတွေကို လက်ခံပြီး လုပ်ပေးဖြစ်နေတယ်လို့ ဆိုပါတယ်။ စက်တင်ဘာလ(၁၇) ရက်နေ့ တုန်းကတော့ " Sorry" ဆိုတဲ့ Music Video လေးကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က