လူရွှင်တော် ကံပွင့် နာမည်နဲ့ ဆန်ရောင်းနေပါပြီ။

ကံပွင့်ကတော့ Covid ကာလ ကြာရှည်လာတာနဲ့ အမျှ စုဆောင်းထားတဲ့ ငွေကြေးတွေကို ထုတ်သုံးနေရပြီလို့ ဆိုပါတယ်။ 

Photo: Kan Pwint



ကံပွင့်ကတော့ အနုပညာလောကမှာ လူရွှင်တော် အနေနဲ့ရော၊ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်အနေနဲ့ပါ ရပ်တည်လျှက်ရှိပါတယ်။ သူ့ အနေနဲ့ Covid ကြောင့် အနုပညာအလုပ်တွေ ရပ်နားလိုက်ရတဲ့ အချိန်မှာ မိသားစု စားဝတ်နေရေးအတွက် ဆန်ရောင်းနေရပြီလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အနုပညာသမားဆိုတော့ အရင်တုန်းက ရိုက်ကူးရေးတွေ လုပ်တယ်၊ ဖျော်ဖြေရေးတွေ ကတယ်၊ Covid ကြောင့် (၇) လလောက်ရှိပြီ ဘာမှ မလုပ်ဖြစ်ဘူးလေ။ Covid ကာလလေးတွေ ရှည်လာတော့ ကိုယ်လည်း ရှိတာလေးတွေ ထုတ်သုံးရတဲ့ အချိန်မှာ အိမ်က မဟေသီကလည်း မတတ်နိုင်တော့ဘူး။ အဲဒီအတွက် ဆန်ရောင်းတယ်၊ ပထမ Covid မပြီးသေးခင်မှာပဲ ဆန်ရောင်းဖြစ်တယ်” လို့ ဆိုပါတယ်။ 

Photo: Kan Pwint

ကံပွင့်ဟာ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာကြေးရတာ နည်းတယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးရေးတွေ အဆက်မပြတ်ရိုက်နေရရင်တော့ ငွေကြေး စုမိတာမျိုးတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။ 

“ ဦးကံပွင့်တို့က ဇာတ်ပို့ ဇာတ်ရံတွေဆိုပေမယ့်၊ နောက်ထပ် ဖျော်ဖြေရေးတွေ လုပ်နေရတဲ့ အချိန်တုန်းကတော့ မိသားစု စားဝတ်နေရေးအပြင် မချမ်းသာသော်လည်း ဝမ်းစာ စိုစိုပြေပြေ ဖြစ်ဖို့လိုအပ်တယ်။ မကျန်းမာတဲ့ အချိန်မှာ သုံးလို့ရအောင် ဆေးဖိုးဝါးခ၊ လှူဖို့ တန်းဖို့လောက်တော့ စုလို့ ရနိုင်လောက်တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။အခုလို ကပ်ဆိုးကြီးနဲ့ ကြုံတော့ စုထားတာလေးတွေလည်း ကုန်တာပါပဲ” လို့ ဆက်လက်ပြောပြလာပါတယ်။ 

Photo: Kan Pwint

လူရွှင်တော် ကံပွင့်ဟာ လက်ရှိမှာတော့ သဘင်အစည်းအရုံးမှာ EC အဖွဲ့ဝင် တစ်ယောက်အဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဟာသသရုပ်ဆောင် တစ်ဦးအဖြစ် ဇာတ်ကားတွေလည်း ရိုက်ကူးထားသူ တစ်ယောက်ပါ။ ဟာသပြိုင်ပွဲတွေမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က