မိခင်ဖြစ်သူကို သတိရတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။

ချောရတနာကတော့ သူမရဲ့ မွေးနေ့မှာ မိခင်ဖြစ်သူကို မကန်တော့လိုက်ရတဲ့ အတွက် အရမ်းစိတ်မကောင်းဖြစ်မိတယ်လို့ဆိုပါတယ်။ 

Photo: Chaw Yandanar



ချောရတနာရဲ့ အမေကတော့ ၂၀၂၀ ခုနှစ် ဧပြီလ အတွင်းမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမရဲ့ မိခင်ကွယ်လွန်တာ (၅) လကျော်ခဲ့ပါပြီ။ သူမကိုယ်တိုင်ကလည်း မိခင်အတွက် ရည်ရွယ်ပြီး အလှူအတန်းတွေ မမေ့မလျှော့ လုပ်ပေးဖြစ်နေတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ကိုယ်က အမေ့ကို စိတ်ဆင်းရဲအောင် လုပ်တဲ့ သမီးထဲမှာတော့ မပါဘူး။ အမေ့ကို အမြဲတမ်း စိတ်ချမ်းသာအောင် လုပ်ပေးတဲ့ အထဲမှာပါတယ်။ အဲဒါလေးတွေကို ပြန်တွေးပြီးတော့ ငါလည်း အမေ ရှိတဲ့ အချိန်တုန်းက ကောင်းတာလေးတွေလုပ်ပေးခဲ့တယ်၊ အတတ်နိုင်ဆုံး လုပ်ပေးခဲ့တာတွေ ရှိတော့ ဒါလေးတွေနဲ့ ပြန်ပြန်ဖြေနေရတာပေါ့။ အမေဆုံးသွားပြီးတော့ ကိုယ်ငိုနေလို့ကလည်း မဖြစ်ဘူး။ အမေက ဘယ်ဘဝမှာ ရှိနေမလဲ မသိရဘူး ဒါကြောင့် အစ်မ ငိုနေတာ သူမြင်ရင် စိတ်မကောင်းဖြစ်ရမယ် ဒီစိတ်ကို အတတ်နိုင်ဆုံး ထိန်းတယ်။ အမေ့အတွက် အစ်မတို့တွေ တတ်နိုင်သလောက် အလှူအတန်းတွေ အမြဲလုပ်ပေးဖြစ်တယ်” လို့ ဆိုပါတယ်။ 

Photo: Chaw Yandanar

ချောရတနာဟာ စက်တင်ဘာလ (၂၉) ရက်နေ့တုန်းက ကျရောက်ခဲ့တဲ့ မွေးနေ့တုန်းကလည်း သူမရဲ့ မိခင်ကို သတိရမိတယ်လို့ ဆိုလာပါတယ်။ မွေးနေ့ရောက်တိုင်း မိဘနှစ်ပါးကို အမြဲကန်တော့လေ့ ရှိတဲ့ သူမက ဒီနှစ်မွေးနေ့မှာ မိခင်ကို ကန်တော့ခွင့်မရတော့တဲ့ အတွက် စိတ်မကောင်း ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

“ အဓိက ကတော့ မွေးနေ့ဆိုတာက အမေ့ရဲ့ ကျေးဇူးတွေကို မုဒိတာ ပွားလာမယ်ဆိုတဲ့ စိတ်လေးတော့ ဖြစ်ရတာပေါ့နော်။ ဒီနှစ်ကတော့ အစ်မအတွက် ပထမဆုံး အမေ့ကို မကန်တော့နိုင်တော့တဲ့ နှစ်ပေါ့နော်။ ဘယ်လိုနှိုင်းပြရမှန်းတောင် မသိဘူး။ ရင်ကွဲမတတ်ဆိုတာ ပထမဆုံး ခံစားဖူးတာပါ။ အမေ့ကို မကန်တော့လိုက်ရတာ တကယ် စိတ်မကောင်းဖြစ်တယ်။ အမေနဲ့ အမှတ်တရတွေက အများကြီးပဲ ပြောရင် ဆုံးမှာတောင် မဟုတ်ဘူး။ ကိုယ်အနုပညာအလုပ်တွေ လုပ်တဲ့ အချိန်မှာလည်း အမေက အစ်မ အနားကကို မခွာဘူး အမြဲတမ်းလိုက် ကူညီပေးတယ်။ သူက အဝတ်အစားက အစ လိုက်လုပ်ပေးရတာကို ကျေနပ်တဲ့သူဆိုတော့ အစ်မအတွက်ကတော့ လုံးဝ မမေ့နိုင်ဘူး” လို့ ဆက်လက် ပြောပြလာပါတယ်။

Photo: Chaw Yandanar

အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာက ခင်ပွန်းဖြစ်သူ ကိုကျော်လင်းနဲ့ ၂၀၁၂ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ပါဘူး။ အဲဒီနောက် ဒုတိယရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်၂၀၁၈ ခုနှစ်ကစပြီး အနုပညာအလုပ်တွေကို ကြော်ငြာရိုက်ကူးရေးတွေကနေတဆင့် ပြန်လည် လုပ်ကိုင်လာတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က