ကျန်းမာရေးဝန်ထမ်းတွေရဲ့ စိတ်ကို ကိုယ်ချင်းစာတယ်။

တိုင်ရွန်ဟာ Covid ကာလမှာ သူငယ်ချင်းတွေနဲ့ အတူ Volunteer အလုပ် လုပ်နေရတဲ့ ခံစားချက်ကို အခုလို ပြောပြလာပါတယ်။ 

Photo: Tyron Bejay



တိုင်ရွန်ကတော့ Covid ကာလမှာ Volunteer တစ်ယောက်အနေနဲ့ ပိုးသတ်ဆေးတွေ လိုက်ဖြန်းနေတယ်လို့ သိရပါတယ်။ သူဟာ ပရဟိတအလုပ်နဲ့ ပတ်သက်လာရင် အားတက်သရော လုပ်ဆောင်လေ့ရှိသူ တစ်ဦးဖြစ်ပါတယ်။ Covid ကာလမှာ PPE ဝတ်စုံဝတ်ပြီး Volunteer လုပ်ရတဲ့ ခံစားချက်ကို Duwun ကနေ ပြောပြလာပါတယ်။ 

“ Volunteer လုပ်ရတာ အရမ်းကြိုက်တယ်။ PPE ဝတ်စုံ ဝတ်ကတာကတော့ ကျွန်တော့်အတွက် ပထမဆုံး ဝတ်ဖူးတဲ့ အတွေ့အကြုံပါ။ PPE ဝတ်စုံ ဝတ်ရတဲ့ ခံစားချက်က အရမ်းဂုဏ်ယူတယ်။ ဒါတောင် ပိုးသတ်ဆေးဖြန်းတယ်ဆိုတာလောက်ပဲ ရှိသေးတာ။ နေ့စဉ်နဲ့ အမျှ ပိုးရှိ လူနာတွေအနားမှာ လုပ်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ရှေ့တန်းမှာ ဆောင်ရွက်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ခံစားချက်ကိုလည်း ကိုယ်ချင်းစာမိတယ်။ PPE ဝတ်စုံက ပူလည်း ပူတယ်၊ အသက်ရှုလည်းကြပ်တယ်။ Mask လည်းဖြုတ်လို့ မရတော့ ဂရုတစိုက်နေထိုင်ရတယ်။ အတွေ့အကြုံကတော့ Positive လူနာတွေကို သက်ဆိုင်ရာတွေက ခေါ်ဆောင်ပြီးသွားရင် ကျွန်တော်တို့က အဲဒီတိုက်ကို ပိုးသတ်ဆေးဖြန်းပေးတယ်။ Lock Down ချမယ့် နေရာကိုလည်း သွား တားပေးရတယ်။ Lock Down ဖြည်ပေးရမယ့် နေရာတွေကိုလည်း သေချာ ဖြည်ပြီးတော့ ပိုးသတ်ဆေးဖြန်းပေးတယ်" လို့ ဆိုပါတယ်။ 

Photo: Tyron Bejay

တိုင်ရွန်ဟာ Covid ကာလ ပထမအကြိမ်တုန်းက ခရီးရောက်နေခဲ့တာဖြစ်လို့ Volunteer အလုပ်ကို မလုပ်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ အခုချိန်မှာ ကိုယ်တိုင် ကိုယ်ကျ Volunteer အလုပ်ကို လုပ်နေရပြီဖြစ်တာကြောင့် သူ့ရင်ထဲက ခံစားချက်တွေကို အခုလို ပြောပြခဲ့ပါတယ်။ 

“ Covid ပထမတစ်ကြိမ်တုန်းကတော့ ကျွန်တော့် တပည့်တွေနဲ့ အတူ ခရီးထွက်နေတာ ဖြစ်တဲ့အတွက် ရန်ကုန်မှာ မရှိခဲ့ဘူး။ အခု Second Wave မှာကျတော့ ကျွန်တော်လည်း အိမ်မှာ အားနေမယ့် အတူတူ သူငယ်ချင်းဖြစ်တဲ့ ဓာတ်ပုံ ရဲဟိန်းက ပရဟိတ အလုပ်တွေ တကယ်လုပ်လာတာကြာပြီ။ သူလုပ်နေတာကို အားကျပြီးတော့ ကျွန်တော်လည်း လိုက်လုပ်ချင်တဲ့ ဆန္ဒနဲ့ သူ့ကို အကူအညီတောင်းပြီးတော့ လုပ်ဖြစ်တယ်။ Volunteer လုပ်တာနဲ့ပတ်သက်ပြီး ကြောက်တဲ့ စိတ်မရှိဘူး။ ဂရုတစိုက်နေထိုင်မယ်၊ စည်းကမ်းရှိရှိသွားလာနေထိုင်မယ် ဆိုရင် ကူးစက်ဖို့ ရာခိုင်နှုန်းနည်းတယ်။ လူငယ်ဖြစ်ပြီး လုပ်ချင်တဲ့စိတ် ဇောကပ်နေတော့ ရောဂါ ကူးမှာတွေ မကူးမှာတွေ မသိတော့ဘူး။ အန္တရာယ်များတာတော့ သိတယ်။ ကျန်တာတော့ မတွေးမိဘူး” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Tyron Bejay

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က