အောက်တိုဘာ (၁၃)ရက်နေ့မှာ ကျင်းပနေကြ ဖြစ်ပါတယ်။

Covid ကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရတဲ့ မြန်မာ့ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး ဒုဥက္ကဌ ဦးအေးကြူလေးက အခုလို ပြောပြခဲ့ပါတယ်။  

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ ဦးဆောင်ပြီး နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်သက်ကြီးပူဇော်ပွဲကိုတော့ အောက်တိုဘာလ(၁၃) ရက်နေ့မှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့မှာ ကျရောက်မယ့် (၄၃) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို 



 အောက်တိုဘာလ(၂၁) ရက်နေ့ကျော်မှသာ ကျင်းပပြုလုပ်သွားမယ့်အကြောင်း မြန်မာရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌ ဦးအေးကြူလေးက Duwun ကို ပြောပါတယ်။ 

“ အမှန်ဆိုရင် အောက်တိုဘာလ(၁၃) ရက်နေ့က ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ အဲဒီမှာ ရုပ်ရှင်နှစ်(၁၀၀) ပြည့်နဲ့ တိုက်နေတော့ နှစ်(၁၀၀) ပြည့်လုပ်မယ်ဆိုရင် သက်ကြီးပူဇော်ပွဲကို အောက်တိုဘာလ(၉) ရက်နေ့ကို ရွှေ့လိုက်မယ် ဆိုပြီးတော့ အမှုဆောင်တွေက အစည်းအဝေးလုပ်ပြီး ပြောင်းလိုက်တယ်။ ဒါပေမယ့် အခုချိန်မှာ အခြေအနေက ပိုဆိုးလာတော့ အိမ်တွေလိုက်ပေးလို့လည်း မရတော့ဘူး။ အောက်တိုဘာလ(၂၁) ရက်နေ့ ကျော်ရင်တော့ နည်းနည်း အဆင်ပြေလာမယ်လို့ ထင်လို့ အခုလို ကြေညာလိုက်တာပါ။ ဒါပေမယ့် ဘယ်ရက်မှာလုပ်မယ် ဆိုတာတော့ အတိအကျ ပြောလို့ မရသေးပါဘူး" လို့ သူက ဆိုပါတယ်။ 

ရုပ်ရှင်အစည်းအရုံး အနေနဲ့ မဖြစ်မနေကျင်းပပြုလုပ်ပေးရမယ့် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးအသီးသီးနဲ့ အောင်မြင်ခဲ့ကြတဲ့ အနုပညာလောကသားတွေရဲ့ သားသမီးတွေကို ဂုဏ်ပြုဆု ပေးအပ်ရမည့် အခမ်းအနားတို့ကိုလည်း အောက်တိုဘာလ(၂၁) ရက်ကျော်မှသာ ကျင်းပပြုလုပ်သွားမယ်လို့ ဦးအေးကြူလေးကပြောပါတယ်။ COVID-19 ကူးစက်ရောဂါကြောင့်မြန်မာ ရုပ်ရှင် ထူးချွန် ဆုပေးပွဲကြီးလည်း ကျင်းပဖို့ မသေချာသေးသလို့ ရုပ်ရှင်နှစ်(၁၀၀)ပြည့် ပွဲတော်ကိုလည်း ရွှေ့ဆိုင်းထားရတာ ဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယခင်နှစ်တွေက အောက်တိုဘာလ(၁၃) ရက်နေ့ ရောက်တိုင်း နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အပူဇော်ခံ သက်ကြီးဘိုးဘွားတွေကိုလည်း အသက် (၇၀) ကျော်မှသာ ကန်တော့ခံရတာဖြစ်တဲ့အကြောင်း သိရပါတယ်။ ကန်တော့ခံ ဘိုးဘွားတွေကို ငွေကျပ်(၂) သိန်းအပြင်၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများနဲ့ ကန်တော့ခဲ့ကြတာပါ။ ကျန်းမာရေး အခြေ အနေ ကြောင့် ကန်တော့ပွဲကို မတက်ရောက်နိုင်တဲ့ ဘိုးဘွားတွေကိုလည်း ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေက အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ဒီနှစ်တော့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကြီးကို ဘယ်လို ပုံစံနဲ့ကျင်းပသွားမယ်ဆိုတာကိုတော့ တာဝန်ရှိသူများ တိုင်ပင်ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က