အနုပညာကို ရူးသွပ်သူတစ်ဦးပါ။
Sabal Thwin

အနုပညာကို ရူးသွပ်လွန်းတဲ့ ဖွေးဖွေးက အနုပညာလောကထဲမှာ သရုပ်ဆောင်အဖြစ် ရပ်တည်နေတာ (၁၃)နှစ် တိုင် ရှိခဲ့ပါပြီ။

ဒီနေ့ (၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်) ဟာ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ရုပ်ရှင်နှစ်(၁၀၀) ပြည့်တဲ့ အချိန်မှာ သူမအနေနဲ့ နှစ်အပိုင်းအဆလေးတစ်ခုအနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာမိတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်လောကသားတိုင်းအတွက် အမှတ်တရဖြစ်တဲ့ ဒီနေ့လေးမှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဖွေးဖွေးက အနုပညာနဲ့ ပတ်သက်ပြီး မမေ့နိုင်စရာ အမှတ်တရလေးတွေ ကို ပြောပြလာပါတယ်။ 

“ ရုပ်ရှင်လောကထဲကို ရောက်နေတာ (၁၃) နှစ်ကျော်လာပါပြီ။ အခု မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့်ရဲ့ နောက်ဆုံး (၁၀) စုနှစ်ကျော်လေးမှာ ဖွေးပါဝင်ခွင့်ရတာ ဖွေးဘဝအတွက် မမေ့နိုင်တဲ့ အမှတ်တရလေးပါ။ မြန်မာ့ရုပ်ရှင် ဒီလောက်အထိ အဓွန့်ရှည်အောင်လို့၊ အသက်ရှည်အောင်လို့ ကြိုးစားခဲ့ကြတဲ့ ဟိုးရှေးခေတ်က စီနီယာ အနုပညာရှင်၊ အတတ်ပညာရှင်များ အားလုံးကို ဖွေး ဒီနေရာကနေ ဂါရဝ ပြုချင်ပါတယ်။မြန်မာ့ရုပ်ရှင်ကို နှစ်(၁၀၀) ကနေ နောက်ထပ် နှစ်တွေအများကြီး ဆက်ပြီး အသက်သွင်းမယ့်၊ ရုပ်ရှင်ကို ချစ်တဲ့ မျိုးဆက်သစ်၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များ အားလုံးနဲ့ အတူတူ လက်တွဲဖို့လည်း အဆင်သင့်ပါပဲ” လို့ ပြောပါတယ်။ 

ဖွေးဖွေးဟာ ကြော်ငြာတွေ၊ Music Video တွေကနေ တဆင့် သရုပ်ဆောင်လောကထဲကို ရောက်ရှိလာသူ တစ်ဦးဖြစ်ပါတယ်။ သူမဟာဆိုရင် ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ဦးဖြစ်သလို အနုပညာအရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်တွေထဲမှာလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ အနုပညာအလုပ်ကို အင်မတန် ဝါသနာကြီးသူဖြစ်တဲ့ ဖွေးဖွေးဟာ နောက်ဘဝမှာ လူဖြစ်ခဲ့ရင် သရုပ်ဆောင်အလုပ် လုပ်ချင်တယ်လို့လည်း ပြောခဲ့ပြန်ပါသေးတယ်။  

“ ဖွေးရဲ့ အနုပညာသက်တမ်း(၁၃) နှစ်မှာ ဘဝအချိုးအကွေ့တွေ၊ ရွေးချယ်စရာတွေ အများကြီးတွေ့ခဲ့တယ်။ အဲဒီလိုတွေ ကြုံလာတိုင်း ရုပ်ရှင်ကို ပိုရွေးချယ်ခဲ့တယ်။ နောင်ဘဝမှာ လူဖြစ်ခွင့်ရမယ် ဆိုရင်လည်း ဖွေး ရုပ်ရှင် သရုပ်ဆောင် တစ်ယောက် ဖြစ်ချင်ပါတယ်။ ရုပ်ရှင်ကို ချစ်တယ်၊ မြတ်နိုးတယ်၊ တန်ဖိုးလည်း ထားတယ်။ နှစ်(၁၀၀) ပြည့်မှ စပြီး နောင်နှစ်ပေါင်းများစွာတိုင် ဒီ့ထက်ပို ကျယ်ပြန့် ပြီးတော့ တိုးတက်ခွင့်ရပါစေ" လို့ ဆိုပါတယ်။ 

Photo: Phway Phway

ဖွေးဖွေး(Phway Phway)ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က