ကျော်သူဖက်ရှင် ခေတ်တစ်ခေတ်ဖြစ်ခဲ့သေးတယ်။

မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့်ခဲ့တဲ့ အချိန်မှာ သရုပ်ဆောင် ကျော်သူရဲ့ အနုပညာသက်တမ်း ကလည်း (၃၇)နှစ် ကျော်လာခဲ့ပါပြီ။ အနုပညာလောကမှာ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း Duwun ကနေ အမှတ်တရ ပြန်ပြောပြလာခဲ့ပါတယ်။ 

Photo: Kyaw Thu



ကျော်သူဟာ ၁၉၈၃ ခုနှစ်ကနေစပြီးတော့ ဒါရိုက်တာ ဦးမျိုးမြင့်အောင်နဲ့ “ ချစ်ကြိုးလေး နှစ်မျှင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ပထမဆုံးအကြိမ် ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံး ဇာတ်ကားကနေ အောင်မြင်မှုရရှိခဲ့တဲ့ ကျော်သူဟာ နောက်ထပ် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား တွေမှာလည်း အောင်မြင်ခဲ့သလို သူ့ရဲ့ ဖက်ရှင် ခေတ် တစ်ခတ်ဖြစ်ခဲ့သေးပါတယ်။

“ အနုပညာနဲ့ ပတ်သက်ပြီး ပထမဆုံးရုပ်ရှင်ရိုက်ခဲ့တဲ့ ဇာတ်ကားကတော့ ချစ်ကြိုးလေး နှစ်မျှင်၊ လက်ဦးဆရာကတော့ ဒါရိုက်တာ ဦးမျိုးမြင့်အောင်ပါ။ ခုနှစ်ကတော့ ၁၉၈၃ လောက်မှာ စရိုက်တာ။ ဆရာကလည်း အသင်အပြကောင်းတော့ ပရိသတ်ကြားထဲမှာ ဒီတစ်ကားနဲ့တင် ကျော်သူ ဆိုတာ ဖြစ်လာတာပေါ့။ ဒီဇာတ်ကားထဲမှာ ကျွန်တော်က တီရှပ်လေးတွေ ဝတ်တာများတယ်။ အဲဒီတုန်းက မြန်မာပြည်မှာ တီရှပ်တွေ မပေါ်သေးဘူး။ လူငယ်တွေလည်း လက်ခံသွားတယ်။ ဝေဟင်ထဲက ချစ်သူ ဇာတ်ကားရိုက်တယ်။ မ နဲ့မောင်လေး ဆိုတဲ့ အချစ်ဇာတ်ကားလေးရိုက်တယ်။ အဲဒီတုန်းက လွယ်အိတ်ကို အထုံးကြီးထုံး၊ ပုဆိုးကို တိုတိုဝတ်တဲ့ပုံက အရမ်းပေါက်သွားတယ်” လို့ဆိုပါတယ်။

Photo: Kyaw Thu

အဲဒီအချိန်တုန်းက လွတ်အိတ်ဆိုလည်း ကျော်သူလွယ်အိတ်ဆိုပြီး နာမည်ကြီးခဲ့သလို လွယ်အိတ်ကို အထုံးလေး ထုံးပြီး လွယ်တဲ့ စတိုင်လ်လေးတွေလည်း ရှိခဲ့ပါသေးတယ်။ ကျော်သူပုဆိုး ဆိုတဲ့ ခေတ်လည်း ပေါ်ခဲ့သေးတယ်လို့ ဦးကျော်သူက ဆိုပါတယ်။

“အဲဒါက စာပေစိစစ်ဆေးရေးကနေပြီးတော့ ပြက္ခဒိန်ရိုက်ရင် ယောင်္ကျားလေးတွေ ဘောင်းဘီ အကြပ်မဝတ်ရဘူး။ မိန်းကလေးတွေ စကပ်မဝတ်ရဘူးဆိုတာနဲ့ ပုဆိုးနဲ့ အင်္ကျီဝတ်တယ်။ ကျွန်တော်ကတော့ ရခိုင်ပုဆိုးလေးတွေဝတ်ခဲ့တယ်၊ ဒီဇိုင်းမတူအောင် ဝတ်ရတာဆိုတော့ ရခိုင်ပုဆိုးက ဝတ်ရလည်းလွယ်တယ် မကျွတ်ကြတော့ ကျော်သူပုဆိုး၊ ရခိုင်ပုဆိုး ဆိုပြီးတော့ ဖြစ်လာတာပေါ့” လို့ သူက ဆိုပါတယ်။ 

Photo: Kyaw Thu

ကျော်သူ့ အနေနဲ့ ဖန်စီဇာတ်ကားတွေသာမက၊ အက်ရှင်ဇာတ်ကား၊ သဘာဝဆန်ဆန် ဇာတ်ကား တို့ အပြင် ဒရာမာ ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့သူဖြစ်တာကြောင့် လူတန်းစားအလွှာ အသီးသီးက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။အနုပညာလမ်းခရီးမှာသင်ဆရာ မြင်ဆရာများစွာရှိခဲ့ပေမယ့်လည်း ဒါရိုက်တာ ဦးသုခ နဲ့ သရုပ်ဆောင် သုမောင် တို့ရဲ့ စကားတွေကို ဘဝတစ်လျှောက်လုံး မှတ်သားထားတယ်လို့ လည်း သူက ဆိုပါတယ်။ 

“ ကျွန်တော် “ အဖေနဲ့သား” ဆိုတဲ့ ဇာတ်ကားရိုက်တုန်းက ဘဘဦးသုခက ဒါရိုက်တာ။ အဲဒီအချိန်မှာ ဘဘက မျက်လုံးတော်တော်မှုန်နေပြီ မမြင်တော့ဘူး။ အဲဒီမှာ ကျွန်တော် ဇာတ်ဝင်ခန်း တစ်ခန်းရိုက်တဲ့ အချိန်မှာ ဘဘက မော်နီတာကြီး အရှေ့မှာ ထိုင်နေပြီးတော့ မောင်ကျော်သူတဲ့ မင်း အဲဒီဇာတ်ဝင်ခန်း တစ်ခန်း ပြန်ရိုက်ပေးပါဆိုတော့ ဘဘက မျက်လုံးမမြင်ပဲနဲ့ ဘယ်လိုသိလဲဆိုတော့ ကင်မရာမန်းကြီးက ပြောပြတယ်။ ဘဘက မျက်စိသာမမြင်တာ နားပါးတယ်။ မင်းစကားပြောတဲ့ လေသံ အတက်အကျကို ကြည့်ပြီး အိုက်တင် မှန်၊ မမှန်ကို ပြောနိုင်တာပေါ့။ လေယူလေသိမ်းအတက်အကျလွဲနေတဲ့အတွက် အိုက်တင် မမှန်တာဆိုတော့ အဲဒီမှာ ပညာရတာပဲ။ ကိုသုမောင်က ကျတော့ ကျွန်တော့်ကို စကားပီအောင် သတင်းစာတို့၊ စာအုပ်တို့ ဖတ်တဲ့ အခါမှာ အသံထွက်ပြီး ဖတ်ပါ။ ဒါမှ ဘယ်နေရာ ဘယ်လို ပြောရတယ် ဆိုတာကို သိရတာ။ ဒီစကားတွေဟာ ကျွန်တော့် ဘဝတစ်လျှောက်မှာ တော်တော်လေး အသုံးဝင်ခဲ့တယ်။ ဒီဟာတွေကလည်း သရုပ်ဆောင် တစ်ယောက်ကို တော်တော်လေး အထောက်အပံ့ပေးနိုင်တယ်ဆိုတာလည်း ကျွန်တော် သိခွင့်ရခဲ့တယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Kyaw Thu

ကျော်သူဟာ ၁၉၈၃ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ လျှောက်လှမ်းလာခဲ့တဲ့ အနုပညာသက်တမ်း (၃၇)နှစ် ကျော်အတွင်းမှာ အကယ်ဒမီဆု(၂) ဆု ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူဟာ “တပြည်သူ မရွှေထား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသား ဇာတ်ဆောင်ဆု ရခဲ့သလို “ အမေ့နို့ဖိုး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။လက်ရှိ အနုပညာအကြောင်းအနေနဲ့ ဝရဇိန်ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး တည်ထောင်ထားတာ တွေ့ရပါတယ်။ အဲဒီနောက် ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲ၊ ၁၀၁၄ ရုပ်ရှင် ဇာတ်ကားကြီးတို့ကိုလည်း ရိုက်ကူးထားပါသေးတယ်။ ပရဟိတလှုပ်ရှားမှု အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ ပဲ့ကိုင်ရှင် တစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က