The Voice က နောက်ဆုံးပါပဲ။

ဖြိုးကျော်ထိုက်ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲက သူ့အတွက် နောက်ဆုံးပြိုင်ပွဲတစ်ခုပါလို့ ဆိုပါတယ်။ 

Photo: Phyo Kyaw Htike



ဖြိုးကျော်ထိုက်ကတော့ The Voice Myanmar (Season-3) ကို မိသားစု အခက်အခဲတစ်ခုကြောင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ် အားပေးမှုရထားပေမယ့်လည်း ပြိုင်ပွဲဝင်တွေ အားလုံးနဲ့ တန်းတူ ကြိုးစားယှဉ်ပြိုင်နေတယ်လို့ Duwun ကို ပြောပါတယ်။ 

“ ကျွန်တော် ဒီပြိုင်ပွဲ ပြိုင်တာ The Voice က နောက်ဆုံးပါပဲ။ ကျွန်တော့် မိသားစု အဆင်ပြေဖို့၊ ကျွန်တော့် အခက်အခဲလေးတွေ ဖြေရှင်းနိုင်တဲ့ ပုံစံမျိုးကို တွေးတယ်။ ပြီးတော့ ဘယ်သူ့ဆီကမှလည်း အကူအညီမယူပဲနဲ့ ကိုယ့်အားကိုယ်ကိုးပြီးတော့ ဘဝကို ပြန်ရှင်သန်လာတာပါ။ အဲဒီတော့ အများနည်းတူ ပြိုင်တယ်။ ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးပါဘူး။ သီချင်းကိုလည်း လေးလေးစားစားနဲ့ ပြိုင်တယ်။ ကျွန်တော်က နာမည်ရပြီးသား လူတစ်ယောက်ဖြစ်တယ်၊ ကိုယ့်ဘဝရဲ့ အခက်အခဲကြောင့် ယှဉ်ပြိုင်တာ ဖြစ်တဲ့အတွက် ကျွန်တော် သူများ သီချင်းနဲ့ပဲ ပြိုင်တယ်။ နောက်အဆင့်တွေမှာလည်း ကိုယ့်သီချင်းတွေနဲ့ ကိုယ် ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။” လို့ သူက ဆိုပါတယ်။ 

Photo: Phyo Kyaw Htike

ဖြိုးကျော်ထိုက်ဟာ The Voice Myanmar သီချင်းဆို ပြိုင်ပွဲ မပြိုင်ခင်ကတည်းက တစ်ကိုယ်တော် အခွေများစွာ ထွက်ရှိပြီးသား အဆိုတော် တစ်ယောက်ပါ။ သူ့ အနေနဲ့ ဒီပြိုင်ပွဲ ဝင်ပြိုင်ခဲ့လို့လည်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ခံခဲ့ရသူဖြစ်ပါတယ်။ မိသားစုအတွက် ဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တာဖြစ်လို့ အဆင်ပြေရင် ကျေနပ်ပြီလိုလည်း သူက ဆိုပါတယ်။ 

“ ကျွန်တော့်သီချင်းတွေက လိုင်းပေါ်မှာ ထွက်ခဲ့ဖူးတယ်။ ပရိသတ် မသိသေးတာနဲ့ သိတာ အားနည်းတာလောက်ပဲရှိတာပါ။ နောက်အဆင့်တွေမှာ ကျွန်တော် ပြုတ်သွားရင်လည်း သီချင်းတွေဆက်လုပ်မယ်။ ကိုယ့်စီးပွားရေးလေး ကိုယ် ဆက်လုပ်မယ်လို့ တွေးထားတယ်။ ကျွန်တော် ပြုတ်သွားလို့ ကိုယ့်ပေတံ ကိုယ်ရိုက်ချိုးလည်း ချိုးတယ်လို့ပဲ ထင်လို့ရတယ်။ ဘဝက ခဏလေးပါ။ မသေခင် မျက်စိ မမှိတ်ခင်မှာ သမိုင်းကောင်းလေး ကျန်ချင်တယ်။ ကျွန်တော့် သားသမီး နှစ်ယောက်အတွက်၊ မိသားစုအတွက် မချမ်းသာရင်နေပါစေ။ အေးအေးဆေးဆေးလေး စားလို့ သောက်လို့ အဆင်ပြေရင် ကျေနပ်ပါပြီ။ ဒါကြောင့် ဒီပြိုင်ပွဲကို ပြိုင်တာပါ” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Phyo Kyaw Htike

ဖြိုးကျော်ထိုက်ကတော့ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိခဲ့သူဖြစ်သလို Single Song တွေလည်း အများကြီး ထွက်ရှိခဲ့တာ တွေ့ရပါတယ်။ သူကိုယ်တိုင် သီဆိုထားတဲ့" သစ္စာမရှိတဲ့ သစ္စာ" ဆိုတဲ့ သီချင်းက ဖြိုးကျော်ထိုက်အတွက်တော့ ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က