ဘယ်သူတွေများ ဖြစ်နေမလဲ။

ဒါရိုက်တာ စင်ရော်မောင်မောင်ကတော့ ၁၉၈၄ ခုနှစ်ကနေ အခုချိန်ထိ ဖြတ်သန်းလာခဲ့ရတဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ သူ့အတွက် အမှတ်တရ ဖြစ်စေခဲ့တဲ့ အရာတွေကို ပရိသတ် သိအောင်ပြောပြခဲ့ပါတယ်။  

Photo: Zin Yaw Mg Mg



အကယ်ဒမီ စင်ရော်မောင်မောင်ကတော့ ၁၉၈၄ ခုနှစ်ကတည်းက မြန်မာပြည်မှာ ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ ဒါရိုက်တာ သင်တန်းကို တက်ရောက်ခဲ့သူတစ်ဦးပါ။ ဒီသင်တန်းမှာ ဝါရင့်အနုပညာရှင်ကြီး ဒါရိုက်တာ ဦးသုခရဲ့ အနီးကပ်သင်ပြမှုတွေကိုလည်း ကြုံခဲ့ရသလို သူ့ရဲ့ လက်ဦးဆရာတွေ ကတော့ အကယ်ဒမီ ဦးတင်ဦး၊ပန်းချီးဆရာကြီး ဦးဝင်းဖေတို့ ဖြစ်ကာဆရာတွေရဲ့ အနုပညာတွေကိုလည်း တက္ကသိုလ်ကျောင်းသား ဘဝက TV ရှေ့မှာ ငေးမောခဲ့ရတာဆိုပြီး ငယ်ဘဝဖြတ်သန်းမှု အမှတ်တရလေးတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။

“ ကျွန်တော်က ၁၉၈၄ ခုနှစ်တုန်းက မြန်မာပြည်မှာ ပထမဆုံးဖွင့်တဲ့ ဒါရိုက်တာ သင်တန်း ၁/၈၄ မှာ တက်ခဲ့တာပါ။ ဒါရိုက်တာသင်တန်းမှာတော့ ဘဘဦးသုခ က အနီးကပ်လာရောက် သင်ကြားပေးပါတယ်။ ငယ်ငယ်တုန်းကတော့ ကျွန်တော့်ရင်ကို လှုပ်ခတ်စေခဲ့တဲ့ ဇာတ်ကားတွေရှိတယ်။ ပထမဆုံးဘဘရွှေဒုံးဘီအောင်ရိုက်တဲ့ “ ဗိုလ်အောင်ဒင်” ပေါ့နော်။ နောက် စွယ်စုံရ ပညာရှင်ကြီး သရုပ်ဆောင် အကယ်ဒမီ ဦးဝင်းဦးရဲ့ ဇာတ်ကားဖြစ်တဲ့ “ဆောင်းအိပ်မက်” ပါ။ ပြီးတော့ “မှုံရွှေရည်”ပေါ့။ ဒီဘက်ခေတ်မှာတော့ ကျွန်တော့်ရဲ့ လက်ဦးဆရာနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ ဆရာဦးတင်ဦး ကတော့ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာ TV အရှေ့မှာ ကျောင်းသားတွေ အားလုံး စုဝေးပြီးငေးမောကြည့်ခဲ့ရတဲ့ “တစ်ခါက တစ်ဘဝ” ဇာတ်ကားပါ။ ပြီးတော့ “တို့နှစ်ယောက် နဲ့ မေငြိမ်းချမ်း” ၊ “သင်္ကြန်မိုး” ဇာတ်ကားကျတော့ ကျွန်တော်က သူ့ရဲ့ လက်ထောက်၊ ရာချင်၊ အစစအရာရာ အောက်ခြေ သိမ်းလုပ်ခဲ့ ရတဲ့ ကျွန်တော့်ရဲ့ လက်ဦးဆရာပါ။ နောက်ထပ် ဆရာဦးဝင်းဖေကတော့ “ တတိယအရွယ်၏ ဒုတိယဝေဒနာ” ၊ “ ပျားရည်ဆမ်းသော ပန်း” စတဲ့ ဇာတ်ကားတွေကို ရိုက်ခဲ့တဲ့သူပါ” လို့ သူက Duwun ကို ပြောပါတယ်။ 



Photo: Zin Yaw Mg Mg

ထို့အပြင် သူဖြတ်သန်းခဲ့တဲ့ အနုပညာလမ်းတစ်လျှောက်မှာ အလုပ်အပေါ် အရမ်းလေးစားမှုရှိတဲ့ သရုပ်ဆောင် ကြီးတွေနဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ 

 “ ကျွန်တော်အကြိုက်ဆုံး သရုပ်ဆောင်တွေကို ရွေးရမယ်ဆိုရင် အချိန်ကို လေးစားတယ်၊ ပညာတတ် ပုဂ္ဂိုလ်ကြီးလည်းဖြစ်တယ်၊ ရိုက်ကွင်းကို စိတ်ရှည်လက်ရှည်နဲ့ ဇာတ်ညွှန်းကိုလည်း ခံစားပြီး သရုပ်ဆောင်သွားတဲ့ အကယ်ဒမီ (၇)ထပ်ကွမ်း အစ်ကိုကြီး ဦးညွှန့်ဝင်းပါ။နောက်တစ်ယောက်ကတော့ ဦးကျော်ဟိန်းပါ။ သူကတော့ တစ်နိုင်ငံလုံးက လူကြီး၊ လူငယ် ပရိသတ်တွေ သည်းသည်းလှုပ် ကြိုက်နှစ်သက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။ မင်းသမီး ကြီးထဲမှာတော့ ခန္ဓာကိုယ် အရ အလှပဆုံး၊ အနုပျိူဆုံး၊ Sexy အဖြစ်ဆုံး၊ အိုက်တင်အညက်ဆုံးကတော့ ဒေါ်ခင်သန်းနုပါခင်ဗျာ။ ပြီးတော့ ဒါရိုက်တာ၊ အိုက်တင်၊ ခန့်ညားမှု၊ ဝင့်ထည်မှု၊ ဈေးသည်ကအစ ဟိုးသူဌေးအထိ ဘက်စုံမှာ မြန်မာပြည်ရဲ့ ဝင်ငွေ စံချိန်ချိုးအောင် ရိုက်နိုင်တဲ့ အကယ်ဒမီ သရုပ်ဆောင် ဒါရိုက်တာ ဒေါ်ဝါဝါဝင်းရွှေပါ။ ဒီဘက်ခေတ်မှာတော့ မေသန်းနုရဲ့ အိုက်တင်တွေ ကြိုက်တယ်၊ ရန်အောင်ရဲ့ အိုက်တင်တွေကိုကြိုက်တယ်” လို့လည်း Duwun ကို ပြောပြခဲ့ပါတယ်။


Photo: Zin Yaw Mg Mg

စင်ရော်မောင်မောင် ကတော့ အနုပညာလောကမှာ အောင်မြင်မှု အခိုင်အမာရရှိထားတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး " မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူ ဖြစ်ပါတယ်။ ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြာတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က