သူ့အတွက် မမေ့နိုင်စရာ အမှတ်တရလေးတွေ ပြောပြလာပါတယ်။

အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်လာဖို့အတွက် ကြိုးစားနေခဲ့ရတဲ့ အချိန်မှာ မီးမီးခဲက ဂီတလောကထဲကို နွေးထွေးစွာနဲ့ လက်တွဲခေါ်ယူခဲ့ဖူးတဲ့ အမှတ်တရတွေကို ဖြိုးပြည့်စုံက ပြောလာပါတယ်။  

Photo: Phyo Pyae Sone



ဂီတကြယ်ပွင့်တစ်ဦးဖြစ်တဲ့ အဆိုတော် မီးမီးခဲကတော့ သြစတြေးလျနိုင်ငံ Sydney မြို့မှာ အောက်တိုဘာလ (၁၆) ရက်နေ့ သြစတြေးလျ စံတော်ချိန် ည (၉:၃၁) မိနစ် အချိန်က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ မီးမီးခဲအတွက် စိတ်မကောင်းဖြစ်နေကြတဲ့ အနုပညာရှင်တွေ၊ ပရိသတ်တွေလည်း အများကြီးပါပဲ။ မီးမီးခဲနဲ့ ပတ်သက်ပြီး ဂီတမောင်နှမတိုင်းမှာ အမှတ်တရတွေ ရှိခဲ့ပေမယ့် အဆိုတော် ဖြိုးပြည့်စုံကတော့ မီးမီးခဲရဲ့ နောက်ဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာ ပါဝင်ခွင့်ရခဲ့ရတာ မမေ့နိုင်တဲ့ အမှတ်တရတွေထဲက တစ်ခုဖြစ်တယ်ဆိုတာကို Duwun ကနေ ပြောပြလာပါတယ်။ 

“ အစ်ကိုတို့ သြစတြေးလျကို ဖျော်ဖြေပွဲသွားခဲ့တုန်းက မမီးမီးခဲက သူ မြန်မာနိုင်ငံကို ပြန်လာပြီး ဖျော်ဖြေပွဲလုပ်မယ်လို့ ပြောတယ်။ မမီးမီးခဲရဲ့ Show ပွဲမှာလည်း ပါဝင်ချင်ခဲ့ပြီး အစ်ကို့ဘက်ကတော့ အစ်မရေ ကျွန်တော့်ကို ပေးဆိုပါဆိုပြီး ဂျီကျတာ၊ ပူဆာတာတော့ မရှိခဲ့ဖူးဘူး။ ဒါပေမယ့် အစ်မက တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုတွေကို သတိထားမိတော့ ချက်ချင်းပဲ အစ်ကို့ကို သူကိုယ်တိုင် ဖုန်းဆက်ပြီး မောင်လေးရေ အစ်မတော့ ပွဲလုပ်မယ်ပေါ့။ ပြီးတော့ အဆိုတော် တစ်ယောက်ကို သူကိုယ်တိုင် ဖိတ်ခေါ်ရတဲ့ အချိန်မှာ အနုပညာကြေးတွေ ဘာတွေလည်း သူက ပြောလာတော့ ကျေးဇူးလည်းတင်၊ ဝမ်းလည်း ဝမ်းသာပြီးတော့ အနုပညာကြေး တစ်ပြားတစ်ချပ်မှ မယူပဲ အစ်မကို ကူညီပေးခဲ့တယ်။ ဒါဟာ အစ်မ ဘက်က အစ်ကို့အပေါ် လေးစားမှုလေးကို ပြောပြချင်တာပါ။ သူ့ထက်အငယ် ဂျူနီယာတေးသံရှင် သူဘယ်လို ပြောပြော လုပ်ပေးမယ်ဆိုတာကို သိနေပေမယ့်လည်း အနုပညာကြေး ဘယ်လောက်ဆိုတာကိုပြောလာတော့ အစ်မ စိတ်ထဲမှာ တန်ဖိုးထားပေးတယ် ဆိုတာကို အရမ်းဝမ်းသာခဲ့တာပါ” လို့ ဆိုပါတယ်။ 

Photo: Phyo Pyae Sone

ဖြိုးပြည့်စုံဟာ ဂီတလောကမှာ အောင်မြင်မှုရလာဖို့အတွက် ကြိုးစားနေရတဲ့ အချိန်ကတည်းက မီးမီးခဲ နဲ့ ရင်းနှီးလာတာလို့ ဆိုပါတယ်။ ဂျူနီယာ အဆိုတော်တွေ ပေါ်မှာလည်း အရမ်းနွေးထွေးလွန်းတဲ့ အစ်မတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီလို့လည်း ဖြိုးပြည့်စုံက ဆက်လက် ပြောပြလာပါတယ်။ 

“ မမီးမီးခဲနဲ့ အမှတ်တရကတော့ အစ်ကို ပြိုင်ပွဲ ပြီးခါစ အဆိုတော် မဖြစ်ခင်ကတည်းက မင်္ဂလာဆောင် ပွဲတွေမှာ မမီးမီးခဲနဲ့ အတူတူ ဆိုခဲ့တာပေါ့နော်။ အစ်ကိုက များသောအားဖြင့် မင်္ဂလာဆောင်သီချင်းတွေ ဆိုရင် မမဟေမာနေဝင်းရဲ့ First Music Agency မှာ ဆိုတယ်။ အဲဒီက ပင်တိုင်အဆိုတော်ကြီးတွေမှာဆိုရင် မမီးမီးခဲပါတယ်။ ပွဲတွေမှာလည်း အစ်မ နဲ့ စုံတွဲဆိုခွင့်ရတယ်။ မမီးမီးခဲက ဒီ Agency ရဲ့ လူကြီးတွေကြားထဲမှာ သူက အငယ်လိုဖြစ်နေတော့ အစ်ကိုတို့နဲ့ မောင်နှမလို ရင်းနှီးတယ်။ သူက နွေးထွေးတယ်။ သူ့ဆီကနေ အစ်ကို သီချင်းတစ်ပုဒ် ယူထားဖူးတယ်။ ဒီသီချင်းက အခုချိန်ထိ ထွက်နိုင်တဲ့အခွင့်အရေးမရသေးတဲ့ အချိန်မှာ မမီးမီးခဲ ဆုံးပါးသွားတာပေါ့။ အင်မတန်လည်း စိတ်မကောင်းဖြစ်ရသလို ၊ ခံလည်း ခံစားရပါတယ်။ ” လို့ ဆိုပါတယ်။ 

Photo: Phyo Pyae Sone

အဆိုတော် ဖြိုးပြည့်စုံကိုတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ခြေဆန့်ခဲ့သူတစ်ယောက်ပါ။ သူဟာ အဆိုတော် တစ်ယောက်အဖြစ်သာမက ဆရာဝန်ဘွဲ့ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ " မျှော်နိုင်သမျှ" အခွေကို ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် "ကြည့်ချင်ပွဲ" ၊ "အချစ်များစွာ နှင့်" ၊ " မျှော်လင့်ချက်လေး" ၊ "အလွမ်းမှတ်တိုင်" ၊ "သင်္ကြန်လေညှင်း လုလင်" ၊ "မျက်ရည်မိုး" ၊ "ကြယ်"၊ "လတ်တလော လှုပ်ရှားမှု"၊ " နွေရာသီခရီး" နှင့် " နှစ်သစ်ရောက်ပြီ" ဆိုတဲ့ Single Song လေးတွေလည်း ထွက်ရှိပြီးခဲ့ပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က