၁၉၇၁ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စလုပ်ခဲ့တာလို့ သိရပါတယ်။
Sabal Thwin

အကယ်ဒမီ ဆွေဇင်ထိုက်ကတော့ အဖြူအမဲရုပ်ရှင်ခေတ်ကတည်းက အနုပညာလောကထဲမှာ ကျင်လည်ခဲ့တာဖြစ်ပြီး သူဖြတ်သန်းလာခဲ့တဲ့ အနုပညာလမ်းကြောင်းမှာ မမေ့နိုင်စရာ အမှတ်တရတွေကို ပရိသတ် သိအောင် ဝေမျှလာခဲ့ပါတယ်။ 

အကယ်ဒမီဆွေဇင်ထိုက်ဟာ အနုပညာနဲ့ ပတ်သက်ပြီး (၇)တန်း အရွယ်လောက်ကတည်းက ရှုမဝ ရုပ်ရှင်သင်တန်းမှာ သရုပ်ဆောင် ပညာရပ်ကို လေ့လာခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် ၁၉၇၁ ခုနှစ်မှာ “စေလိုရာစေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ရှုမဝဦးကျော်နဲ့ ပထမဆုံးအကြိမ်ရိုက်ကူးခဲ့တာလို့ သိရပါတယ်။ သူ့ရဲ့ အနုပညာခရီးလမ်းအစကိုတော့ စီနီယာ အနုပညာရှင်တွေရဲ့ သရုပ်ဆောင်တာတွေကို လေ့လာရင်း ဖြတ်သန်းခဲ့ရတာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

သူမရဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ အရမ်းလေးစားပြီး ခင်မင်ခဲ့ရတဲ့ သရုပ်ဆောင် ဆရာ(၃) ဦး ရှိခဲ့ပါတယ်။ သူတို့ကတော့ Universal Peace Federation ရဲ့ ဥက္ကဌဟောင်း တစ်ဦးလည်းဖြစ်၊ သရုပ်ဆောင်လည်းဖြစ်တဲ့ ဦးမောင်မောင်တာ၊ သရုပ်ဆောင် အကယ်ဒမီ ဦးဝင်းဦး၊ နဲ့ ဦးထွန်းဝေတို့ ဖြစ်ပါတယ်။ ဒီ(၃) ဦးကတော့ သူမရဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ လုံးဝမေ့လို့ မသွားမယ့် သင်ပြမှုတွေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ 

“ ဦးမောင်မောင်တာက Universal Peace Federation မှာ ကျွန်မက အခုလို ဥက္ကဌဖြစ်လာအောင် သူက Celebrity တစ်ယောက်အနေနဲ့ ဘာတွေကို လေ့လာသင့်တယ်၊ အပြင်ကို ဘယ်လို လှမ်းကြည့်ရမလဲဆိုတာကို သင်ပေးသွားပါတယ်။ ဦးဝင်းဦးကတော့ “ Grace မြန်မာပြည်က ဈေးကွက်ထဲမှာတင်ပဲ တင်းတိမ်မနေနဲ့ International က Film Festival တွေကို သွားဖို့အတွက် ကြိုးစား" ဆိုပြီးတော့ ပြောသွားပါတယ်။ အဲဒီပွဲတွေကို သွားရင်းနဲ့ ဘယ်လို လုပ်သင့်တယ် ဆိုတာတွေကိုလည်း သူပြောပြပေးသွားတယ်။ သူ့ခေတ်တုန်းကလည်း သူ့ရဲ့ ဇာတ်ကားတွေကို International Film Festival တွေ အထိရောက်ဖို့ သူ ကြိုးစားခဲ့ဖူးပါတယ်။ သူက " Grace အပြင်ကို သွားပြီးတော့ လှမ်းကြည့်မယ်၊ ရုပ်ရှင်ပွဲတော်တွေကို သွားမယ်ဆိုရင် Cultural exchange ပလပ်ဖောင်းကနေ သွားသင့်တယ်။ နိုင်ငံခြား သံရုံးတွေကနေ ဖိတ်တဲ့ ယဉ်ကျေးမှုပွဲတော်တွေကို တက် ဆိုပြီးတော့ သူကလည်း ကျွန်မကို ခေါ်သွားတယ်၊ ကျွန်မကလည်း ယုံကြည်စွာနဲ့ လိုက်ခဲ့ပါတယ်။ ဒီလိုနည်း အားဖြင့် နိုင်ငံတကာထဲကို ရောက်နိုင်အောင် သင်ပေးသွားကြတာဖြစ်လို့ ကျွန်မက ဒီ(၃) ဦးကို အမှတ်တရဖြစ်ပါတယ်။ နောက်တစ်ယောက် အန်ကယ်လ် ဦးထွန်းဝေကျတော့ ရုပ်ရှင်ကို ချစ်တာထက် အနုပညာသည်ဆိုတာ ဒီအတိုင်း ထိုင်စားနေလို့မရဘူး။ ပန်းချီကိုလည်း ချစ်ရမယ်၊ ပန်းပုကိုလည်း ချစ်ရမယ် ဆိုတဲ့ အကြောင်းကိုပြောတယ်။ နိုင်ငံကို ချစ်တယ်ဆိုရင် ကိုယ်တတ်နိုင်တဲ့ အရာတွေကို လုပ်ပေးရမယ် လို့ ပြောခဲ့ပါတယ်။ ကိုယ့်အရှေ့မှာရှိတဲ့ လူတွေက အတွေ့အကြုံတွေ ပေးသွားတဲ့ အချိန်မှာ အင်တာနယ်ရှင်နယ်ကို ဘယ်လိုဝင်ကြမလဲဆိုတာကို ပြောသွားတာလို့ ထင်ပါတယ်။ သူတို့က ကျွန်မရဲ့ အတွေးအခေါ်တွေကို Glow လုပ်ပေးသွားတဲ့ ပညာရှင်ကြီးတွေ ဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။ 

ရုပ်ရှင်ဇာတ်ကားတွေထဲမှာဆို သူမအကြိုက်ဆုံး ဇာတ်ကားက “မှုံရွှေရည်” ဇာတ်ကားပါတဲ့။ ဒီကားထဲမှာ တင်ပြတဲ့ အရုပ်၊ အသံ တွေအပြင် နောက်ခံ တီးလုံးသံတွေ၊ မြန်မာသံစဉ်တွေဟာ အရမ်းအဓိပ္ပာယ်ရှိတဲ့ ဇာတ်ကား တစ်ကားဖြစ်ပြီး အဲဒီအချိန်က နိုင်ငံခြားရုပ်ရှင်တွေနဲ့ တန်းတူ ဖြစ်ခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်တယ်လို့သူမက ဆိုပါတယ်။ ဆွေဇင်ထိုက်ကိုယ်တိုင်ကလည်း မှုံရွှေရည်ဇာတ်ကားရဲ့ ပရိသတ် တစ်ဦးဖြစ်ခဲ့ရပါတယ်။ ဆက်လက်ပြီးတော့လည်း သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲကမှ “မြညို” ဆိုတဲ့ ကာရိုက်တာကလည်း ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့တဲ့အကြောင်းပြောပြလာပါတယ်။ 

“ ကျွန်မဆိုရင် နယ်တွေ သွားတဲ့ အချိန်မှာ အသက်ကြီးတဲ့ အဘိုး၊ အဘွားတွေကအစ အမလေး ငါက မြညိုလေးကို မြင်ချင်လိုက်တာလို့ ပြောကြတယ်။ သူတို့က ဆွေဇင်ထိုက်ကို သိတာ မဟုတ်ဘူး။ ဆွေဇင်ထိုက် သရုပ်ဆောင်ထားတဲ့ မြညိုလေးကို သိတာ။ Actor တိုင်ဟာ Celebrity ဖြစ်တယ်။ Actor ဟာ ကာရိုက်တာကနေတဆင့် သူ့ရဲ့ သရုပ်ဆောင် မှုတွေကို ပရိသတ်က ကြည့်ပြီး၊ ကြိုက်ပြီးတော့ ပရိသတ်ဆိုတာ ဖြစ်လာတာ။ ပရိသတ်ဆိုတာ Actor ကို Follow လုပ်တာဖြစ်တယ်။ အခုချိန်မှာ Celebrity တိုင်းဟာ Actor မဖြစ်ဘူး။ Actor ရဲ့နောက်မှရှိတဲ့ ပရိသတ်တွေက Actor ကို ကာရိုက်တာနဲ့ တွဲပြီးတော့ သိတာ” လို့ သူကဆိုပါတယ်။ 

photo: Shwe Zin Htike

ဆွေဇင်ထိုက်ဟာ ၁၉၈၈ ခုနှစ်အလွန်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးကို စတင် တည်ထောင်ခဲ့သူတွေထဲမှာ သူမလည်း တစ်ဦး အပါအဝင်ဖြစ်ခဲ့ပါတယ်။“ မြန်မာပြည်မှာ ၈၈ နောက်ပိုင်းထဲမှာ ပထမဆုံးအကြိမ် ဒီမိုကရေစီကျကျနဲ့ မဲပေးပြီးတော့ ရွေးတာ ပထမဆုံး ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင် လူကြီးတွေ ဖြစ်တယ်။ အယောက်(၂၀) ထဲမှာ အမျိုးသမီးဆိုလို့ ကျွန်မ တစ်ယောက်တည်းပါတယ်။ အဲဒီတုန်းက အလွှာ(၁၀) လွှာ စဖွဲ့ခဲ့တယ်။ ဒါကလည်း နောင်(၁၀) နှစ်မှာ ဒစ်ဂျစ်တယ် ဖြစ်လာမယ်ဆိုတာကို မြင်လို့ အခုလို ဖွဲ့ခဲ့တာပါ။ ပြီးတော့ “ရုပ်ရှင်အစည်းအရုံး” ဆိုပြီးတော့ ခွင့်ပြုချက် ရတဲ့ နာမည်ကို ပေးခဲ့တယ်။ ဒါပေမယ့် အင်္ဂလိပ်လို ဘာသာပြန်တဲ့အချိန်မှာ “ Myanmar Motion Picture Organization” ဆိုပြီးတော့ ဘာသာပြန်တယ်။ ကျွန်မ စိတ်ထဲမှာ တခြား International Organization တွေနဲ့ ဆက်ဆံမယ် ဆိုပြီးတော့ ရည်ရွယ်ခဲ့တာပါ။ International Relationship ကို ထူထောင်မယ်လို့ ရည်ရွယ်တယ်။ ကျွန်မတို့မျက်စိအရှေ့မှာ မြင်တာကတော့ လူတွေက အကြောက်တရားနဲ့ ကြီးပြင်းလာတယ်။ အပေါ်က ပြောရင် ဟုတ်ကဲ့ပါ ဆိုတာနဲ့ ကြီးလာကြတယ်။ အဲဒီအထဲမှာ ကျွန်မက မဟုတ်ကဲ့နိုင်ဘူး။ ဒုတိယမြောက်ကျတော့ ကျွန်မကို ပြန်အရွေးခံပါလို့ ပြောပေမယ့် အရွေးမခံတော့ဘူး။ ရုပ်ရှင်အလုပ်ကိုလည်း ကျွန်မ မလုပ်တော့ဘူးဆိုပြီးတော့ရပ်လိုက်တယ်” လို့ သူက ဆိုပါတယ်။ 

 

photo: Shwe Zin Htike

 ဆွေဇင်ထိုက်က ၁၉၇၇ ခုနှစ်တုန်းက " မိန်းကလေးရှင်ရဲ့ ဆန္ဒ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူတစ်ယောက်ပါ။ လက်ရှိမှာတော့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး သရုပ်ဆောင် တစ်ယောက် မလုပ်တော့ပေမယ့် အနုပညာနဲ့ သက်ဆိုင်တဲ့ အရာတွေကို လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် တိုးတက်မှု ရှိလာဖို့ အတွက် Creative Industry မှာ လေ့လာနေတဲ့ ဝါသနာရှင်လေးတွေကိုလည်း ပံ့ပိုးကူညီပေးနေတာဖြစ်ပြီး ကိုယ်တိုင်ကလည်း လေ့ကျင့် သင်ကြားပေးနေတာကို တွေ့ရပါတယ်။ အဲဒီနောက် အောင်မြင်မှုတွေ အများကြီးရရှိထားတဲ့ “နေရယ်၊ လရယ်၊ အမှန်တရားရယ်” ရုပ်သံဇာတ်လမ်းတွဲကိုလည်း ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က