သူနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ အမှတ်တရလေးတွေ ပြောလာပါတယ်။

ဆုန်သင်းပါရ် ကတော့ သူမရဲ့ ဂီတဖြတ်သန်းမှုတွေ ထဲမှာ အဆိုတော် မီးမီးခဲနဲ့ အမှတ်တရတွေ အများကြီးရှိနေခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Sung Thin Par



ဆုန်သင်းပါရ်ကတော့ မီးမီးခဲ နဲ့အတူ ဂီတဖျော်ဖြေပွဲတွေမှာ အတူတူ သီဆိုရင်း အမှတ်တရတွေ အများကြီးရှိခဲ့သူ တစ်ယောက်ပါ။ မီးမီးခဲတစ်ယောက် ကွယ်လွန်သွားပြီဆိုတဲ့ အချိန်မှာ အမှတ်တရလေးတွေ အများကြီး ထားခဲ့တယ်ဆိုတာကို သတိရလွမ်းဆွတ်ရင်း Duwun ကို ပြောပြခဲ့ပါတယ်။ 

“ သူနဲ့ နောက်ဆုံးတွေ့တာကတော့ သူ့ရဲ့ ပွဲလုပ်တဲ့ ဇန်နဝါရီလထဲမှာ နောက်ဆုံးတွေ့ခဲ့တာပါ။ အဲဒီမတိုင်ခင်ကတော့ ဖျော်ဖြေပွဲ (၂) ခု(၃) ခုလောက် အတူတူ ဆိုဖြစ်ခဲ့တယ်။ ဒီဇင်ဘာ(၃) ရက်နေ့တုန်းက မဆုန်သင်းရဲ့ မွေးနေ့ပွဲမှာလည်း သူတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံး လာကြတယ်။ အခုချိန်မှာတော့ အမှတ်တရ ပုံလေးတွေပဲ ကျန်ခဲ့တာပေါ့လေ။ သူ သြစတြေးလျ မပြန်ခင် အချိန်လေးမှာ တော်တော်လေးကို တွေ့ဖြစ်ကြတယ်။ သူ ပြန်ခါနီးအချိန်မှာ အစ်မ ‘ I Miss You’ ဆိုတဲ့ မက်ဆေ့ချ်လေး လာပို့တယ်။ သူ့အတွက်လည်း ကိုယ် ဘုရားရှိခိုးတိုင်း သူ့ကျန်းမာရေးကောင်းဖို့ အမြဲဆုတောင်းပါတယ်။ မီးမီးခဲက မိသားစုအပေါ် တာဝန်ကျေတဲ့ မိခင်ကောင်းတစ်ယောက်၊ သူငယ်ချင်းတွေကို ချစ်တဲ့ သူငယ်ချင်းတစ်ယောက်၊ သူဆိုတဲ့ သီချင်းတွေလည်း ပရိသတ်အတွက် အများကြီး ချန်ခဲ့တယ်။ ကောင်းတဲ့ အမှတ်တရတွေ အများကြီးကို ချန်ပေးသွားတဲ့သူပါ” လို့ သူက ပြောပါတယ်။ 


Photo: Sung Thin Par

ဆုန်သင်းပါရ်ဟာ ၂၀၀၀ ခုနှစ်က စပြီး ဂီတလောကထဲကို ဝင်ရောက်ခဲ့သူ တစ်ဦးပါ။ ၂၀၀၁ ခုနှစ်မှာတော့ ဖျော်ဖြေပွဲတွေမှာ စပြီး သီဆိုရင်း မီးမီးခဲ နဲ့ ခင်ခဲ့တာလို့ သိရပါတယ်။ ဆုန်သင်းပါရ်က သူမရဲ့ ပထမဆုံး သင်္ကြန်ဖျော်ဖြေပွဲကို မီးမီးခဲနဲ့ အတူတူ ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရကိုလည်း ပြောပြခဲ့ပါသေးတယ်။ 

“ ၂၀၀၁ လောက်မှာ သူနဲ့ ပထမဆုံး အမှတ်တရလေးက မန္တလေးမှာ သင်္ကြန်ပွဲဆိုရတယ်။ ကိုယ့်ဘဝမှာ ပထမဆုံး သင်္ကြန်ပွဲရယ်လို့ စင်ပေါ်စပြီး တက်လိုက်တဲ့အချိန်မှာ မီးမီးခဲ နဲ့အတူတူ မဏ္ဍာပ်လည်း တူတယ်၊ ပွဲလည်း အတူတူ ဆိုခဲ့ရတာက မေ့လို့ မရတဲ့ အမှတ်တရလေးပါ။ ပြီးတော့ ပွဲတွေမှာလည်း အစ်မတို့ ဆိုနေတဲ့အချိန်မှာ သူရတဲ့ သီချင်းတွေဆိုရင် အနောက်ကနေ ဟာမိုနီလိုက်ဆိုပေးတတ်တယ်၊ အစ်မတို့ကလည်း သူ့ကို ဟာမိုနီ ပြန်ဆိုပေးလေ့ရှိတယ်။ သူကတော့ ဂီတလောကမှာ ဝါအရ ကိုယ့်ထက် အတွေ့အကြုံရှိပေမယ့် အသက်ကတော့ ကိုယ့်ထက်ငယ်တဲ့ ညီမငယ်လေးပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Sung Thin Par

မီးမီးခဲကတော့ အောက်တိုဘာလ(၁၆) ရက်နေ့က သြစတြေးလျနိုင်ငံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ အချိန်မှာ အသက်(၃၇) နှစ်ရှိလို့နေပါပြီ။ သူမ ကွယ်လွန်ခဲ့တဲ့ သတင်းဟာ ဂီတလောကအတွက် ကြယ်တစ်ပွင့်ကို ဆုံးရှုံးလိုက်ရသလိုမျိုး ဂီတအနုပညာရှင်တွေနဲ့ ပရိသတ်တွေက အင်မတန် စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က