သက်ကြီးအနုပညာရှင်တွေကိုတော့ အိမ်တိုင်ရာရောက်လိုက်ကန်တော့မှာပါ။

မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အောက်တိုဘာလအတွင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့်လည်း Covid အခြေအနေကြောင့် နိုဝင်ဘာလ (လဆန်း) လောက်မှာ ပြုလုပ်သွားဖို့ မျှော်လင့်ထားတယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။ 

(၄၃) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ အခမ်းအနားကို Covid ကာလကြောင့် ကျင်းပပြုလုပ်ဖို့ အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။ ရုပ်ရှင်သက်ကြီးပူဇော်ပွဲဟာ နှစ်စဉ် နှစ်တိုင်း အောက်တိုဘာလ (၁၃) ရက်နေ့မှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ဒီပွဲဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ မဖြစ်မနေ ကျင်းပရမယ့် ပွဲဖြစ်တာကြောင့် နိုဝင်ဘာလ အတွင်းမှာ ပြုလုပ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က Duwun ကို ပြောပါတယ်။



“ သက်ကြီး ပူဇော်ပွဲကို နှစ်တစ်ရာပြည့်နဲ့ တိုက်နေတော့ ဒီလ (၉) ရက်နေ့မှာလုပ်ဖို့ စီစဉ်ထားတာ။ အစည်းအရုံး မှာက ရုပ်ရှင်သက်ကြီးပူဇော်ပွဲ ကျင်းပဖို့ကို နောက် လ(လဆန်း)ကျတော့မှဘဲ စဉ်းစားလို့ရမယ်။ အဲဒါကလည်း အသက်ကြီးတဲ့သူတွေက များတော့ သူတို့ကို ခေါ်လို့ မဖြစ်ဘူး။ သက်ကြီး ဘိုးဘွား(၁၇၀) လုံးကို အိမ်တိုင်ရာရောက် လိုက်ပေးဖို့ကျတော့လည်း အခြေအနေကို ကြည့်ရသေးတယ်။ ဒီတော့ နာ.ယ.ကတွေ၊ အမှုဆောင်တွေ လောက်ပဲ ကန်တော့ပြီးတော့ တချို့ လာနိုင်မယ့်သက်ကြီး (၁၄) ယောက်၊ (၁၅) ယောက်လောက်ကို ကန်တော့လိုက်မယ်။ သက်ကြီးအားလုံးပေါင်း(၁၇၀) လောက်ရှိတယ်။ ကန်တော့ဖို့ ကျန်တဲ့ သက်ကြီးတွေကိုတော့ လှူဖွယ်ပစ္စည်း၊ ငွေကြေးနဲ့ လိုက်ပြီးတော့ ကန်တော့မှ ရမယ်။ တချို့ သားသမီးရှိတဲ့ ဘိုးဘွားတွေကျတော့ အစည်းအရုံးကို လွှတ်ပြီး လှူဖွယ်ပစ္စည်းနဲ့ ငွေကြေးကို လာယူခိုင်းလို့ရတယ်။ Covid ကာလကလည်း အခုချိန်မှာ တစ်နေ့ကို လူက (၁၀၀၀) ကျော်လောက် ရှိနေတော့ အခက်အခဲဖြစ်ပါတယ်။ နောက်လထဲမှာတော့ သက်ကြီးပူဇော်ပွဲ လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ သူက ဆိုပါတယ်။ 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အနေနဲ့ နောက်ထပ် မဖြစ်မနေ ကျင်းပရမယ့် ပွဲမှာ အနုပညာလောကသားတွေထဲက (၁၀)တန်းကို ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့တဲ့ ရင်သွေးလေးတွေကို ပညာရည်ချွန်ဆုပေးပွဲ ကျင်းပရမယ့် ပွဲလည်း လုပ်ရဦးမယ်လို့ ဦးညီညီထွန်းလွင်က အင်တာဗျူးထဲမှာ ထည့်သွင်းဖြေဆိုခဲ့ပါတယ်။ လက်ရှိ Covid ကာလဖြစ်တာကြောင့် လောကသားတွေရဲ့ စားနပ်ရိက္ခာကို ဦးစားပေးပြီး ဖြည့်ဆည်းပေးနေရတယ်လို့လည်း သူက ပြောပါတယ်။ 

“ (၂၁) ရက်နေ့ အထိ Lockdown ကာလထဲရောက်နေတော့ (၂၂) ရက်နေ့ကစပြီးတော့ ရုပ်ရှင်အစည်းအရုံးမှာ ပြန်ကြားရေးဝန်ကြီးဌာနက ပေးထားတဲ့ သိန်း(၃၀၀) ကို အစည်းအရုံးကနေပြီးတော့ သိန်း(၁၅၀) ထပ်ဖြည့်ပြီးတော့ အလွှာ(၁၀) လွှာမှာရှိတဲ့ လောကသား(၁၅၀၀)အတွက် စပြီးတော့ ဝေမယ်။ ဒီနေ့ ( အာက်တိုဘာလ ၁၉ ရက်) မှာတော့ စက်မှုအလွှာကိုပေးလိုက်ပြီ။ သူတို့ အလွှာမှာ လူ(၅၀၀) ရှိတော့ မြို့နယ် ကိုယ်စားလှယ်တွေ ကနေတဆင့် ပေးဝေမယ်။ အစည်းအရုံးမှာ ကျတော့ (၂၁) ရက်နေ့ အတွင်း လူမစုရဘူးဆိုတော့ (၂၂) ရက်နေ့ ကနေ စပြီးတော့ ဇာတ်ပို့ ဇာတ်ရံအလွှာကို နောက်ဆုံးမှာထား၊ကျန်တဲ့ လူနည်းတဲ့ (၈) လွှာလောက်ကို တစ်နေ့ (၂) လွှာ လောက်ကို (၂၂)ရက်ကနေ (၂၃) လောက်အထိ ပေးဖို့ စီစဉ်ထားတယ်။ ဇာတ်ပို့ ဇာတ်ရံ အလွှာက လူ(၅၀၀) လောက်အထိ ရှိနေတော့ (၂၆) ရက်၊ (၂၇) ရက်လောက် ပေးဖြစ်မယ် ထင်တယ်။ အဲဒီတော့ သက်ကြီး ပူဇော်ပွဲက မကျင်းပနိုင်သေးဘူး" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယခင်နှစ်တွေက အောက်တိုဘာလ(၁၃) ရက်နေ့ ရောက်တိုင်း နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အပူဇော်ခံ သက်ကြီးဘိုးဘွားတွေကိုလည်း အသက် (၇၀) ကျော်မှသာ ကန်တော့ခံရတာဖြစ်တဲ့အကြောင်း သိရပါတယ်။ ကန်တော့ခံ ဘိုးဘွားတွေကို ငွေကျပ်(၂) သိန်းအပြင်၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများနဲ့ ကန်တော့ခဲ့ကြတာပါ။ ကျန်းမာရေး အခြေ အနေ ကြောင့် ကန်တော့ပွဲကို မတက်ရောက်နိုင်တဲ့ ဘိုးဘွားတွေကိုလည်း ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေက အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ဒီနှစ်တော့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကြီးကို ဘယ်လို ပုံစံနဲ့ကျင်းပသွားမယ်ဆိုတာကိုတော့ တာဝန်ရှိသူများ တိုင်ပင်ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က