Asian Academy Creative Awards ဆုပေးပွဲအတွက် ရင်ခုန်နေပြီတဲ့။

ပန်းရောင်ခြယ်ကတော့ စင်ကာပူနိုင်ငံက ချီးမြှင့်မယ့် Asian Academy Creative Awards ဆုပေးပွဲမှာ “လိပ်ပြာ-အမှန်တရားရဲ့ ဓားတစ်လက်” ဇာတ်လမ်းတွဲနဲ့ Best Actress In A Leading Role ဆု ဆန်ခါတင်စာရင်းမှာပါဝင်နေတဲ့အပေါ် သူမရဲ့ ရင်ခုန်သံကို ပြောပြလာပါတယ်။  

Photo: CANAL+



အဆိုတော် ပန်းရောင်ခြယ်ကတော့ သရုပ်ဆောင်လောကထဲကို ပထမဆုံး ခြေလှမ်းအစအနေနဲ့ “လိပ်ပြာ-အမှန်တရားရဲ့ ဓားတစ်လက်” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Asian Academy Creative Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဇာတ်လမ်းတွဲ ဆု၊ အကောင်းဆုံး ဓာတ်ပုံဆုနဲ့ အကောင်းဆုံး တေးဂီတဆု ဆိုပြီးတော့ ဆု(၄)ဆု ဆန်ခါတင်စာရင်း ဝင်ခဲ့ပါတယ်။ 

ပန်းရောင်ခြယ် ကိုယ်တိုင်ကလည်း အာရှနိုင်ငံအသီးသီးက အနုပညာရှင်တွေနဲ့ အတူ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ဆန်ခါတင်စာရင်းမှာ ပါဝင်နေတဲ့အပေါ် စိတ်လှုပ်ရှားနေတယ်လို့ Duwun ကို ပြောပြခဲ့ပါတယ်။ 

“Asian Academy Creative Awards ဆုချီးမြှင့် ပွဲမှာ ပန်းရောင်အနေနဲ့ Best Actress In A Leading Role မှာ National Winner အဖြစ် ဆန်ခါတင် ရွေးချယ်ခံရတဲ့ အပေါ် အတိုင်းမသိ ဝမ်းသာမိတယ် ပျော်လည်း ပျော်ပါတယ်။ ပန်းရောင်နဲ့ အတူ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်း ပါတဲ့ သူတွေထဲမှာ ပန်းရောင်ထက် သရုပ်ဆောင် အရမ်းတော်ကြတဲ့ သူတွေ တွေ့တယ်။ ဒီဇင်ဘာ(၃) ရက်၊ (၄) ရက်မှာ ကျင်းပမယ့် Grand Final ပွဲကြီးမှာလည်း ဒီဆုကို တကယ်ထိုက်တန်တဲ့ သူက ရသွားလိမ့်မယ်လို့ မျှော်လင့်တယ်။ ယုံလည်းယုံကြည်နေပါတယ်” လို့ ဆိုပါတယ်။ 

Photo: Pann Yaung Chel

ပန်းရောင်ခြယ်ကိုယ်တိုင်ကလည်း ဂီတမှာ အောင်မြင်မှုတွေ ရရှိပြီးသားဖြစ်သလို “ လိပ်ပြာ-အမှန်တရားရဲ့ ဓားတစ်လက်” ရုပ်သံဇာတ်လမ်းတွဲ နဲ့လည်း ပရိသတ်အားပေးမှုကို ပိုမိုရရှိထားတာ တွေ့ရပါတယ်။ ဒီဇာတ်ကားဟာ သူမရဲ့ သရုပ်ဆောင်ခြေလှမ်းအစဖြစ်သလို အခက်အခဲတွေလည်း ကြုံခဲ့ရတယ်လို့ဆိုပါတယ်။ 

“ လိပ်ပြာဇာတ်ကားက ပန်းရောင်အတွက် ပထမဆုံး သရုပ်ဆောင် အနေနဲ့ ခြေလှမ်းလည်းဖြစ်တယ်။ ပထမဆုံး ဇာတ်ကား၊ ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်တဲ့အခါကျတော့ ပန်းရောင်အတွက် ပထမဆုံး အတွေ့အကြုံတွေ အများကြီးရှိတယ်။ ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေလည်း အများကြီးရှိခဲ့တယ်။ သင်ယူခွင့်ရလိုက်တဲ့ သင်ခန်းစာတွေလည်း အများကြီး ရှိခဲ့ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Pann Yaung Chel

ပန်းရောင်ခြယ်ကိုတော့ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ တွဲပြီး Wake Up Daddy ဆိုတဲ့ အခွေကတည်းကနေ ပရိသတ်တွေ အားပေး ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေအတွက် မလုပ်ခင်မှာလည်း တခြား Group Song အခွေတွေမှာ ပါဝင်သီဆိုဖြစ်နေပါတယ်။ အွန်လိုင်းကနေ ပရိသတ်ကိုမိတ်ဆက်ပေးလိုက်တဲ့ အသည်းခွဲသူ သီချင်းကလည်း ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပါသေးတယ်။ အဲဒီနောက် အတွဲသီချင်းလေးတွေမှာလည်း ပါဝင်သီဆိုလာတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က