အခု ငါးပါးတူရောင်းနေပါတယ်။

ဘုန်းလျှံကတော့ Covid ကာလကြောင့် အနုပညာအလုပ်တွေ မလုပ်ရသေးတဲ့ အချိန်မှာ ငါးပါးတူရောင်းနေတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပြလာပါတယ်။  

Photo: Bhone Hylan



ဘုန်းလျှံကတော့ Covid ကာလမှာ ငါးပါးတူ ဆိုတဲ့ စားသောက်ကုန်ကို အွန်လိုင်းကနေ ရောင်းချနေတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ နားနေရတဲ့ အချိန်မှာ အခုလို ဈေးရောင်းတာဟာ သူ့အတွက် ပြောင်းလဲမှု တစ်ခုဖြစ်လာတယ်လို့ Duwun ကို ပြောလာပါတယ်။ 

“ အစ်ကို့ အတွက် ဈေးရောင်းရတဲ့ အလုပ်က Challenge တစ်ခု မဟုတ်ပါဘူး။ “သမာအာဇီဝ ကျတဲ့လုပ်ငန်းတစ်ခုကို လုပ်တဲ့သူသည် တန်ဖိုးရှိ၏” တဲ့ ကျွန်တော်စာလေးတစ်ကြောင်း ဖတ်ခဲ့ဖူးတယ်။ “ အလုပ်ဟူသမျှ ဂုဏ်ရှိစွ” တဲ့ ဘယ်အလုပ်ပဲ လုပ်လုပ် သမာအာဇီဝကျနေရင် ဂုဏ်ရှိပါတယ်။ ကျွန်တော်က ဒီဆောင်ပုဒ်လေးအတိုင်းပဲ သွားတယ်။ ဒါကိုလည်း အခက်အခဲတစ်ခု၊ Challenge တစ်ခုလို့ မသတ်မှတ်ဘူး။ ဒါပေမယ့် အစ်ကို ဘာတွေပြောင်းလဲလာသလဲလို့ ကိုယ့်ကို မေးရင် အခု အလုပ်လုပ်နေတာကိုက ပြောင်းလဲမှုပဲ။ အမျိုးသမီးရဲ့ တွန်းအားကြောင့်လည်း ပါသလို ကိုယ့်ရဲ့ အလုပ်လုပ်ချင်စိတ်ကြောင့်လည်း အခုလို ဖြစ်လာတာပါ” လို့ သူကဆိုပါတယ်။ 

Photo: Bhone Hylan

ဘုန်းလျှံအနေနဲ့ Covid ကာလမှာ အိမ်မှာထိုင်နေလို့ ရပေမယ့်လည်း အလုပ်မရှိရင် မနေတတ်တဲ့ အကျင့်ကြောင့် ဈေးရောင်းနေတာလို့ ဆိုပါတယ်။ သူဟာ ထောင်ကနေ ပြန်ထွက်လာပြီးတဲ့ နောက်မှာ အလုပ်တွေ ပိုကြိုးစားဖို့ကိုလည်း အသိစိတ်ဝင်လာတယ်လို့ ပြောပါတယ်။ 

“ အစ်ကို့ အမျိုးသမီးက စီးပွားရေးကို ပိုပြီးလုပ်ချင်တဲ့ စိတ်ရှိတယ်။ အစ်ကိုက အနုပညာသမားဆိုတော့ စီးပွားရေး လုပ်တတ်တဲ့သူလည်း မဟုတ်ဘူး။ သူ့ရဲ့ တွန်းအား၊ သူ့ရဲ့ ပြောဆိုမှုတွေ၊ သူ့ရဲ့ နားချမှုတွေကြောင့် ဒါမျိုးတွေ လုပ်လာတတ်တာပါ။ ကျွန်တော်က အလုပ်မရှိရင် မနေတတ်တဲ့ စိတ်ရှိတယ်။ အရင်တုန်းကလို စိတ်မျိုးဆိုရင်တော့ အလုပ်မရှိရင် အိမ်ထဲမှာပဲ ထိုင်နေမိမှာ ။ ထောင်ကပြန်ထွက်လာတဲ့ အချိန်မှာ ထိုင်ခဲ့ရတဲ့ ရက်ပေါင်းကလည်း အရမ်းများတယ်။ Covid နဲ့ကြုံတော့ အနုပညာအလုပ်တွေလည်း နားနေရတော့ အလုပ်တစ်ခုခု လုပ်မယ် ဆိုပြီး အခုလို အကောင်အထည်ဖော်ဖြစ်တာပါ။ ဒီလို အသိစိတ်ကလည်း မဝင်လို့ မရတော့ဘူးလေ အသက်က (၄၀)နားကပ်လာပြီ အသိစိတ်ဝင်မှရတော့မယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Bhone Hylan

ဘုန်းလျှံဟာ COVID-19 ကာလပြီးရင် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲဖြစ်တယ်လို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဘုန်းလျှံကတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇) နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က